မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာတွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာရွက် ကပ်သည့်စွပ်စွဲချက်ဖြင့် လူငယ်အမျိုးသား ၃ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာတွင် ရှိနေသည့် အမျိုးသား ၃ ဦးကို စစ်ကော်မရှင်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သုံးဦးသည် မြို့အဝင်အထွက်များတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်ကပ် လှုပ်ရှားမှုပြုလုပ်ခဲ့သည့် စွပ်စွဲချက်များဖြင့် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိထားသည့် ကျိုက်ထိုမြို့ခံတစ်ဦးက MPA ကို ပြောသည်။
“ဖမ်းတဲ့အကြောင်းပြချက်က သူတို့တွေဟာ သထုံခရိုင်အတွင်းမှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှု စာရွက်တွေ လိုက်ကပ်တာ၊ ကြဲတာတွေ လုပ်တယ်ပေါ့၊ နှောင့်ယှက်ဖျက်ဆီးတာပေါ့၊ တစ်ယောက်ယောက်က သတင်းပေးလိုက်လို့ ဆိုပြီး ဖမ်းဆီးသွားတာ” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့်လူငယ်သုံးဦးသည် အသက် ၂၀ ကျော်အရွယ်များ ဖြစ်ကြပြီး ယင်းထဲမှ တစ်ဦးသည် စစ်တပ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ပြန်လွတ်မြောက်လာသည်ဟု သတင်းထွက်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိ ဖမ်းဆီးခံရသည့်လူငယ်များကို စစ်ကြောရေး၌ စစ်ဆေးမှုများပြုလုပ်ပြီး စစ်မှုထမ်းသင်တန်း တက်ခိုင်းခြင်း သို့မဟုတ် အရေးယူခံခြင်း တစ်ခုခုကို ဖိအားပေးပြီး ရွေးချယ်ခိုင်းမှုများ ရှိနေကြောင်း ပြောဆိုမှုများ ရှိနေကြသည်။
“တော်လှန်ရေးအဖွဲ့က မဟုတ်ဘူးလို့ သိထားတယ်၊ ပြီးတော့ UG လားဆိုတော့ မဟုတ်ဘူး၊ သာမန်ပြည်သူ ရွေးကောက်ပွဲကို လက်မခံတဲ့သူမျိုးလို့ သိထားတာ” ဟု မွန်ပြည်နယ်(ပကဖ) ဒုတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစောင်များ လမ်းပေါ်ကြဲချခြင်း၊ ဆန့်ကျင်ရေးစာသားပါစာရွက်များ ကပ်၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်ကြောင့် စစ်တပ်နှင့် ၎င်းတို့၏ ထောက်တိုင်အချို့က နောက်ယောင်ခံ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ရှိလာခြင်းဖြစ်ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူအချို့က ပြောသည်။
“ပြည်တွင်းမှာက လုံးဝကို လှုပ်လို့မရအောင် ဖိနှိပ်ထားတဲ့ပုံစံမျိုး၊ သူတို့ကို နည်းနည်းမှ ထိလို့မရဘူး၊ ထိတာနဲ့ ဖမ်းတာပဲ၊ လူထုကို လုံးဝအကြောက်တရားသွင်းထားတာ၊ အဲဒီထဲမှာမှ သူတို့ကို ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်ဆန့်ကျင် နေကြတဲ့ သူတွေလည်း ရှိနေဆဲပဲ” ဟု စစ်ကော်မရှင်က ရွေးကောက်ပွဲ ဆန့်ကျင်ရေးဥပဒေနှင့် အရေးယူနေသည့် အပေါ် သထုံမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်ကလည်း ချောင်းဆုံမြို့နယ်မှ အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူပြီး ထောင်ဒဏ် ၁၇ နှစ်ချခဲ့သည်။
စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့်ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသည့် ဥပဒေကို ထုတ်ပြန်ပြီး အရေးယူထားသည့် ပြည်သူ ၁၀၀ ဦးထက်မနည်း ရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
