ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူခဲ့ကြောင်းသိရသည်။
ယနေ့ (ဒီဇင်ဘာ ၄ရက်) မွန်းလွဲ တစ်နာရီခွဲခန့်တွင် နတ်တလင်းမြို့နယ်၊ ငုတ်တိုရွာနှင့် ကံစုရွာကို စစ်တပ်က ပါရာမော်တာ ၃စင်းဖြင့် ဗုံးသီး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကံစုရွာမှ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူခဲ့ကြောင်းသိရသည်။
“ရွာအစပ်တွေကိုကြဲတာ။ ဘုန်းကြီးကျောင်းတွေ၊ ရွာတွေပေါ်ကိုကြဲတာမဟုတ်ဘူး။ ရွာနီးချုပ်စပ် ရွာအစပ်စပ်တွေ ပတ်ပြီးကြဲလိုက်တာ။ ဘုန်းကြီးကျောင်းပေါ်ကို ကြဲတာမဟုတ်ဘူး။ အဲ့မှာ ဘုန်းကြီး ရွာအပြင်ကိုထွက်နေတာပေါ့။ အဲ့လိုရွာအစပ်တွေကိုကြဲလိုက်တဲ့အတွက်မလို့ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦး က MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် ကံစုရွာကအမျိုးသားတစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” တော်လှန်ရေးတပ်ဖွဲ့တွေက အတိအကျအနားကို သွားလို့မရသေးဘူးပေါ့နော်။ အဲဒါကြောင့် သေဆုံးထိခိုက်အတိအကျသိတယ်။ ကျန်တဲ့ဟာတော့ ကျမတို့ အတိအကျမသိရသေးပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ကျေးရွာအပြင်နှင့် ရွာအစပ်များကို ဗုံးကျရောက်ခဲ့သဖြင့် ငုတ်တိုရွာ၌ ဒဏ်ရာရရှိသူနှင့် ပျက်စီးမှုများမရှိကြောင်းသိရသည်။
ဒီဇင်ဘာ ၂ရက်ကလည်း ငုတ်တိုရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လေဖြတ်ထားသည့် စိတ်ကျန်းမာရေးမကောင်းသူ ဦးညီညီဆိုသူအား ပစ်သတ်ခဲ့ကြောင်းသိရသည်။
စာတည်း-ML
