တောင်ငူလေတပ်ကို အသေခံဒရုန်းများဖြင့် ဝင်တိုက်၊ Jammer စက်များ ပျက်စီးဟုဆို

ပဲခူးတိုင်း ၊ တောင်ငူမြို့၊ ကေတုမတီ လေတပ်စခန်းဌာနချုပ်ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ Jammer စက်များ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကေတုမတီလေတပ်စခန်းရှိ လေကြောင်းထိန်း သိမ်းရေးမျှော်စင် (လေယာဉ်အတက် အဆင်းထိန်းချုပ်ရာနေရာ)နှင့် ဘေးကပ်လျက်ရှိ ဂျမ်မာ (Jammer- ကြိုးမဲ့ဆက်သွယ်ရေး လှိုင်းဖြတ်စက်)ထားရှိရာ နေရာတို့ကို FPV အသေခံဒရုန်း ၄ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၂ စင်းမှာ ပစ်မှတ်သို့ တိကျစွာတိုက်ခိုက်နိုင်ခဲ့သောကြောင့် ဒရုန်းရန် ကာကွယ်ရေး ဂျမ်မာစက်များ မီးလောင်ကျွမ်းခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က ယနေ့(နိုဝင်ဘာ ၅ ရက်) ညနေ၌ သတင်းထုတ်ပြန်သည်။

“လေကြောင်း ကာကွယ်ရေးအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး လေတပ်ဝင်းထဲကို Anti jamming FPV ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဂျမ်မာတာဝါ နဲ့ မျှော်စင် အဆောက်အအုံအောက် ပေါက်ကွဲမီးလောင်ပါတယ်။ တိတိကျကျတိုက်ခိုက်ခဲ့ပါတယ်”ဟု ဝရဇိန်တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။

အသေခံ ဒရုန်း ၄ စင်းအနက် ၂ စင်းမှာ ရာသီဥတုအခြေအနေကြောင့် ပစ်မှတ်လွဲချော်ခဲ့ကြောင်း သိရသည်။

“ကြီးမားတဲ့အောင်မြင်မှုပါ။ ရန်သူ့ လေယာဉ်ကွင်းကို အခုလိုတည်တည်ငြိမ်ငြိမ်နဲ့ တိတိကျကျ တိုက်ခိုက်နိုင်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ကျနော်တို့ ခုလို လူသားအရင်းအမြစ်နှင့်နည်းပညာအရ အောင်မြင်မှုတွေဟာ ပြည်သူ့ထောက်ပံ့မှု အင်အားကောင်းမွန်စွာရရှိပါက စစ်ပွဲရဲ့အလှည့်အပြောင်း ကို ပုံဖော်ပေးနိုင်ပါလိမ့်မယ်။ ရန်သူကို ဦးကျိုးစေပါလိမ့်မယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် စစ်တပ်က Mi 35ရဟတ်ယာဉ် ဖြင့် တန်ပြန်လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် Operation Thunderbolt စစ်ဆင်ရေးဖြစ်ပြီးဝရဇိန်တပ်ဖွဲ့ နှင့် မြေပြင် တိုက်ခိုက်ရေး မဟာမိတ်အဖြစ် သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်သည် တောင်ငူမြို့နှင့် ၅ မိုင်ကျော် ကွာဝေးသည်။

စာတည်း-ML