ပုလော တစညပါတီဥက္ကဌ ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဌကို ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနေ တစညပါတီ ဥက္ကဌ ဦးကြည်သန်း(၆၄နှစ်)ကို ၎င်း၏နေအိမ်၌ ဝင်ရောက်ဖမ်းဆီးစဉ် လက်နက်လုယူ၍ ပြန်လည် ပစ်ခတ်ရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင် အမှတ် တစ် တပ်ရင်းမှ ယနေ့(ဒီဇင်ဘာ ၆ ရက်) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။

“ကျောက္ကာက ပုလောမြို့နယ်ထဲက ပင်လယ်ရွာလေးဖြစ်ပါတယ်။ နေအိမ်မှာ ရှိနေစဉ်ပါပဲ။ သွားရောက်ဖမ်းဆီးချိန်မှာ မချိုရော အတူရှိနေတယ်။ မဲထည့်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ လုပ်ငန်းတွေ လုပ်နေချိန်ပါဗျ”ဟု မြိတ်ခရိုင် အမှတ်တစ် တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ဦးကြည်သန်း၏ အလောင်းကို ၎င်း၏နေအိမ်တွင်ပင် ထားရှိခဲ့ကြောင်းနှင့် နောက်ဆက်တွဲအခြေအ နေများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းစဉ် အနီးဝန်းကျင်တွင် ရှိနေသည့် ဦးဝင်းကြိုင်၏ လက်သန်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဦးကြည်သန်းကို ဖမ်းဆီးစဉ် ၎င်းနှင့်အတူ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ ထောက်ပံ့ကူညီနေသည့် ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့(ခ)ဒေါ်စန်းစန်းမူ၏ လက်ထောက် မချိုလည်း အတူရှိနေသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ကျောက္ကာကျေးရွာသည် ကုန်းလမ်းမပေါက်ဘဲ ရေလမ်းဖြင့်သာ ‌သွားလာရပြီး မြိတ်မြို့နှင့် ရေမိုင် ၂၃ မိုင်ကွာဝေးကာ စပိဘုတ်ဖြင့် သွားပါက ၄၅ မိနစ်ခန့်ကြာကြောင်း သိရသည်။

စာတည်း-ML