စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လကျော် အတွင်း ပြည်သူ၁၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၃၁ရက်မှ ဒီဇင်ဘာ၄ရက်အထိ ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက် မှုဖြစ်စဉ် ၉၈ခု ရှိခဲ့ပြီး ၁၀၁ဦး သေဆုံးခဲ့ကာ ယင်းကာလအတွင်း တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် တိုက်ပွဲများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၆၁ခုသာ ရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“စစ်တပ်က ပြည်သူတွေကိုပဲ အဓိကထား တိုက်ခိုက်နေတာ တောက်လျှောက်ပဲဆိုတော့ သိပ်တော့ မဆန်းတော့ဘူး။ဒါပေမဲ့၊အခုရွေးကောက်ပွဲနားနီးတဲ့အချိန်ထိ ပြည်သူကို တိုက်ခိုက်တာတွေ လျော့ ကျသွားတာမျိုး မရှိတာကတော့ စစ်တပ်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်နေတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာကလည်း လေနဲ့ပဲ ကန့်ကွက်နေတော့ မအလတို့ အေးဆေးပဲပေါ့” ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPA သို့ပြောသည်။
ဒီဇင်ဘာ၅ရက်ညကလည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊မရကန်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ လက်ဖက်ရည်ဆိုင်၌ ဘောလုံးပွဲကြည့်နေသည့် ပြည်သူ၂၀ သေဆုံးကြောင်း သိရသည်။
အောက်တိုဘာလတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၅၉ခု ရှိခဲ့ပြီး ၁၁၈ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်က ထုတ်ပြန်ထားသည်။
စက်တင်ဘာတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၂၂ခု ရှိခဲ့သည်။
စာတည်း-ML
