စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာ လက်ဖက်ရည်ဆိုင်အနီးသို့ စစ်တပ်ကြဲချသည့် ဗုံး ၂လုံး ကျရောက်ပေါက်ကွဲခဲ့ရာ သေဆုံးပြည်သူ ၂၀ ရှိကြောင်းသိရသည်။
ဒီဇင်ဘာ ၅ရက်၊ ည ၈နာရီဝန်းကျင်တွင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ မရကန်ရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ ယင်းရွာ၏ လူစည်ကားရာနေရာသို့ ကျရောက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပကဖထံက သိရသည်။
” ညကထိ ၁၄ယောက်နဲ့ စာရင်းပိတ်ပြီးတော့ အခုကထပ်တိုးလာတာဗျ။ ခုက ၆ယောက်ထပ် တိုးလာတာ။ စိုးရိမ်ဒဏ်ရာတွေထဲက ထပ်မံသေဆုံးတာပါဗျ” ဟု ဒီပဲယင်းမြို့နယ်ပကဖ တာဝန်ခံက MPA သို့ပြောသည်။
မရန်ကန်ရွာ၏ ရွာလူစည်ကားရာနေသို့ ဗုံးသီးကျရောက်ပေါက်ကွဲသဖြင့် သေဆုံးမှုများပြားခြင်း ဖြစ်ကြောင်းသိရသည်။

” လူနေစိပ်တာလည်းပါမယ်။ နောက်တစ်ချက်က လက်ဖက်ရည်ဆိုင်မှာ လူစည်တဲ့အချိန်လည်းဖြစ်နေလို့ပါ။ ကျနော်တို့ ဒေသကခုချိန် စပါးသိမ်းနေတဲ့အချိန်လေ။ အဲ့တော့ နေ့ခင်းမှာအလုပ်လုပ်ကြတဲ့ စပါးရိတ်ကြတယ်။ သူတို့အဲ့အချိန်က နားတဲ့အချိန်ပေါ့ဗျာ။ နားတဲ့အချိန် လက်ဖက်ရည်ဘာညာသောက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ဒဏ်ရာရစာရင်းက ကျနော်တို့က အတည်ပြုလို့မရသေးဘူးနော်။ ခန့်မှန်းခြေကတော့ ၁၅ဦးနဲ့ ၂၀ကြားပေါ့။ ဘာလို့လည်းဆိုတော့ မနေ့ကမှောင်လည်းမှောင်ပြီပေါ့နော်။ မှောင်ပြီဆိုတော့ သူတို့နီးစပ်ရာတွေကို ဆွဲထုတ်ပြေးကြတာပေါ့ ” ဟု ၎င်းကပြောသည်။
ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်၅လုံးလည်း ပျက်စီးခဲ့ပြီး မရကန်ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
စာတည်း-ML
