ကျော – ရေမျက်နီလမ်းပိုင်းကို စစ်တပ် ပိတ်သဖြင့် ကားအစီး ၅၀ ခန့် သောင်တင်နေ

ဓာတ်ပုံ - ထီးလင်းပကဖ
ပုံစာ - ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်းက ရေမျက်နီစခန်းသို့ စစ်ကူလာသည့် စစ်သားများ။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ကျောမှ ထီးလင်းမြို့နယ် ရေမျက်နီရွာသို့ သွားသည့်ကားလမ်းပိုင်းကို စစ်တပ်က ပိတ်ထားသောကြောင့် ကားအစီး ၅၀ ခန့် သောင်တင်နေကြောင်း သိရသည်။

ဒီဇင်ဘာ ၃ရက်မှစပြီး ယနေ့ ( ဒီဇင်ဘာ ၆ရက် ) အထိ ကျောမြို့မှ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာသို့ သွားသည့်ကားလမ်းပိုင်းကို ကျောမြို့ ကပစ ၂၃ ကာကင်းစခန်းရှိ စစ်သားများက ခရီးသည်တင်ယာဉ် ရော ကုန်ကားများကိုပါ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်ထံက သိရသည်။

” ဒီလမ်းက ယောနယ်နဲ့ ချင်းပြည်ရဲ့ ဝင်ပေါက်ထွက်ပေါက်လို့ ပြောလို့ရတယ်။ အရေးပါတယ်။ ၃‌ရက်နေ့ကတည်းက ကျောမြို့မှာပဲ ပိတ်မိနေကြတာ။ အရင်ရက်က ကားတစ်စီး၊နှစ်စီးက ရမလားဆိုပြီး ပုံတောင် နတ်ထိပ်ထိသွားကြည့်သေးတယ်။ မရဘူး၊ ပြန်ဆင်းဆိုလို့ ကျောမြို့ကို ပြန်လှည့်လာရတာ။ ပိတ်မိနေတဲ့ကားတွေ စားတာသောက်တာကြ ကျောမှာပဲ ဖြေရှင်းကြရတာပေါ့။ ထမင်းဆိုင်တွေလည်းရှိတော့ ” ဟု ၎င်းက‌ MPA ကို ပြောသည်။

ဒီဇင်ဘာ ၄ရက် နံနက် ၉နာရီခန့်တွင် ကျောမြို့ ကပစ ၂၃ မှ ရေမျက်နီရွာရှိ စစ်တပ်စခန်းသို့ စစ်အင်အားပို့ရန် စစ်ကြောင်းထွက်သွားသောကြောင့် ယင်းလမ်းပိုင်းကို စစ်တပ်က ပိတ်ထားခြင်းဖြစ်‌ကြောင်း ၎င်းကပြောသည်။

” စစ်ကြောင်းအင်အားက ၆၀ လောက်ပဲပါတာ။ စစ်ကား ၂စီးနဲ့ စထွက်လာပြီး ခြေလျင်စစ်ကြောင်း အဖြစ် တောလမ်းကနေ သွားနေတာ။ ရေမျက်နီစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်တိုက်မယ်လို့ သတင်းထွက်နေလို့ စစ်ကူပို့တယ်လို့တော့ သိရပါတယ်။ စစ်ကြောင်းနဲ့ အဖွဲ့တွေတော့ တိုက်ပွဲဖြစ် တာတော့ ခုထိ မရှိသေးပါဘူး ” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့ နံနက် ၁ဝနာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရေမျက်နီရွာနှင့် ၆မိုင်ခန့်အကွာရှိ စင်းစယ်ရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ရေမျက်နီရွာ စစ်တပ်စခန်းတွင် စစ်သားအင်အား ၇၀ခန့် ရှိပြီး ဩဂုတ်လအတွင်းကလည်း ကပစ ၂၃ မှ စစ်ကူလာပို့ခဲ့သေးကြောင်း သိရသည်။

စာတည်း-ML