ဒီပဲယင်းရှိ လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲပြီး PDFစခန်းဟု သတင်းအတုဖြန့်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်တပ်က ဗုံးကြဲချပြီး စစ်လော်ဘီများ က PDF စခန်းဟူ၍ သတင်းအတုများ ဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “Snow Queen” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၆ရက် နံနက် ၁၁နာရီကျော်တွင် “စစ် ကိုင်းတိုင်း ဒီပဲယင်း မရကန် pdf စခန်းကို မနေ့က ည ၈ နာရီကျော်ခန့်က ဂျက်ဖိုက်တာနဲ့ အစာကောက် ဆိုဆို အောက်ကုန်တာ ၂၀ ကျော်လာ၊စာရင်းထပ်တိုးရှိသေး” ဟု (မူရင်းရေးသားချက်) ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ သူများ၏ ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။

လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကြဲပြီး PDF စခန်းဟူ၍ ဝါဒဖြန့်ထားသော ပို့စ်ကို အခြားသော စစ်တပ်လော်ဘီ ချန်နယ်များစွာက ကူးယူဖြန့်ဝေထားကြသည်။

သတင်းအတုလင့်ခ်များ

Snow Queen – https://ghostarchive.org/archive/CEJpK
Ye Yint Htet – https://ghostarchive.org/archive/9K0Q0
အဖိုးလေး – https://ghostarchive.org/archive/KRwu3

ထိုသို့ စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို MPA အချက်အလက်စစ်ဆေးရာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားသည့် သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

ဒီပဲယင်း မရကန်ရွာရှိ ဖြစ်စဉ်အကြောင်း အတိအကျ သိရှိရန် Google တွင် “ ဒီပဲယင်း မရကန်ရွာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက သတင်းရေးသားထားကြသည်။

BBC, Mandalay Free Press, Myanmar Now, MPA အပါအဝင် သတင်းမီဒီယာများက ဒီပဲယင်း မရကန်ရွာ ဗုံးကြဲခံရမှုနှင့် ဗုံးဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအကြောင်း ရေးသားဖော်ပြထားသည်။

သတင်းများတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာရှိ လက်ဖက်ရည်ဆိုင်အနီးသို့ ဒီဇင်ဘာ ၅ရက် ည၈ နာရီ ၌ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ကြိမ် ကြဲချ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်း၏ ဘောလုံးပွဲကို ကြည့်ရန် လူစုဝေးလာရောက်ချိန်ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားခဲ့သည့် လက်ဖက်ရည်ဆိုင်၌ပင် ၈ ဦးသေဆုံးပြီး ညတွင်းချင်းဆေးကုသရာ နေရာတွင် သေဆုံး သူများ ရှိပြီး လက်ရှိ ဒီဇင်ဘာ ၆ရက် မွန်းလွဲပိုင်းအထိ ဗုံးဒဏ်ကြောင့် သေဆုံးပြည်သူ ၂၀ ရှိကြောင်း၊ သေဆုံးသူများကို အမျိုးသား၊ အမျိုးသမီး ခွဲခြား၍ မရနိုင်အောင် ဖြစ်နေကြောင်း၊ နေအိမ်သုံးလုံး ဗုံးဒဏ်ကြောင့် အစအနေ ပျောက်သွားပြီး သတင်းဖော်ပြထားကြသည်။

သတင်းလင့်ခ်များ
BBC – https://bitly.cx/ZoCns
MFP – https://bitly.cx/eJ6df
MPA – https://bitly.cx/sWXN

စိတ်ချယုံကြည်ရသော သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များအရ စစ်တပ်ကြဲချသော ဗုံးဒဏ်ကြောင့် ဘောလုံးပွဲကြည့်နေသော ပြည်သူ ၂၀ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများစွာ ရှိကြောင်း သိရှိရသည်။

စစ်တပ်လော်ဘီများက “ ဒီပဲယင်းရှိ မရကန် PDF စခန်း ဗုံးကြဲခံရ” ဟု ဖြန့်ဝေထားမှုသည် ဖြစ်စဉ်အမှန်ကို ပုံဖျက်၍ သတင်းအတု ဖန်တီးထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza