ကြို့ပင်ကောက်တွင် စစ်တပ်ဗုံးကြဲ၊ အမျိုးသားတစ်ဦး သေဆုံးပြီး မူလတန်းကျောင်း ပျက်စီး

ဓာတ်ပုံ - ပေးပို့
ပုံစာ - ဗုံးကြဲခံရသည့် အေးရွာလေးရွာစာသင်ကျောင်း။

ပဲခူးတိုင်း၊ ကြို့ပင်‌ကောက်မြို့နယ်အတွင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၆ရက်၊ မွန်းလွဲ ၃နာရီမှ ၃နာရီခွဲအတွင်း သဲကုန်းမြို့မှ တက်လာသော စက်တပ်လေထီး သုံးစင်းဖြင့် ၁၂၀ မမ ဗုံးသီး ၉လုံးကြဲချခဲ့ရာ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံကသိရသည်။

” ရွာအနှံ့ချတာပါ။လူနေအိမ်နောက်ဖေး တစ်လုံး၊ အိမ်ရှေ့တစ်လုံးနဲ့ ရေမြောင်းထဲတစ်လုံး၊ စာသင် ကျောင်းမှာတစ်လုံးနဲ့ ကျန်တာတွေက လယ်ကွင်းထဲတွေ၊ ရွာအစပ်တွေ ကျတာပါ။ သေဆုံးသူက ခေါင်းကို ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးတာပါ။ စာသင်ကျောင်းပေါ်လည်း ဗုံးကျပေမဲ့ ဒီနေ့က ကျောင်းပိတ်ရက်မို့ ကျောင်းသားတွေထိခိုက်မှုမရှိခဲ့ဘူး။ စာသင်ကျောင်း တော့ ပျက်စီးသွားတယ်။ မူလတန်းကျောင်းပါ ” ဟု ကြို့ပင်ကောက်မြို့နယ်သတင်းရင်းမြစ်က ဒီဇင်ဘာ၆ရက်ညတွင် MPA ကို ပြောသည်။

သေဆုံးသွားသည့်အမျိုးသားမှာ အေးရွာလေးကျေးရွာသား ကိုလင်း(၄၅နှစ်)ဖြစ်ပြီး ယင်းရွာနေ အမျိုးသမီးငယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ကောင်မလေးက လက်ထိတာပါ။ ကြောက်ပြီးပုန်းနေတော့ မတွေ့ခဲ့ရပါဘူး။ ထိခိုက်တယ် မစိုးရိမ်ရဘူးပဲပြောပါတယ်။အကြောင်းမဲ့ အရပ်သားပြည်သူနေတဲ့ရွာကို ဗုံးလာကြဲတာပါ။ တိုက်ပွဲလည်း မဖြစ်ပါဘူး ” ဟု ၎င်းက‌ဆက်လက်ပြောသည်။

အေးရွာလေးရွာသည် ကြို့ပင်ကောက်မြို့နှင့် ၁၅မိုင်ခန့်ကွာဝေးပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀ကျော် နေထိုင်ကြောင်း သိရသည်။

စာတည်း-ML