အောင်ဇေယျ စစ်ကြောင်းက အင်အားဖြည့်ပြီး ထိုးစစ်ပြုလုပ်လာခြင်းကြောင့် ၃၂ ဗျူဟာက စခန်းအချို့ နောက်ဆုတ်ပေးခဲ့ရ

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်လက်အောက်ခံ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်ပြီး အာရှလမ်းမကြီးကို ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဗိုလ်တာဘောဦးဆောင်သည့် ၃၂ဗျူဟာက စခန်းအချို့နောက်ဆုတ်ပေးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့( စက်တင်ဘာ ၄ရက်)၊ ညနက်ပိုင်း(စက်တင်ဘာ ၅ရက် နံနက်အစောပိုင်း)တွင် အောင်ဇေယျစစ်ကြောင်းက လက်နက်ကြီးများစွာ ပစ်ခတ်ပြီးနောက် အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်ဘက်မှ အတွင်းကွင်းကလေးကျေးရွာသို့ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ကွင်းလေးဘက်ကို ဖောက်ဝင်လာတာကတော့ အင်အား လေးငါးရာလောက်ရှိတယ်။ ကျတော်တို့ ၃၂ ဗျူဟာက အကုန်နောက်ဆုတ်ပေးလိုက်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

၃၂ ဗျူဟာသည် ကော်ဘရာစစ်ကြောင်းနှင့် ဗီနွန်စစ်ကြောင်းတို့ ပူးပေါင်းထားသည့် ဗျူဟာဖြစ်ပြီး KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကော်မရှင်တပ်များကို ပြောင်မြောက်စွာ ခုခံတွန်းလှန်နေသည့် ဗိုလ်တာဘောဦးဆောင်သည့် ဗျူဟာတစ်ခုလည်းဖြစ်သည်။

လက်ရှိ စစ်ကော်မရှင်တပ်များသည် အတွင်းကွင်းကလေးကျေးရွာရှိ ဘုန်းကြီးကျောင်း၌ နေရာယူထားကြောင်း၊ အောင်ဇေယျ စစ်ကြောင်းသည် စစ်ကြောင်း သုံးကြောင်းခွဲပြီး ထိုးစစ်ဆင်လာသည့်အတွက် အင်အားမမျှသောကြောင့် နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်ဟု အခြားမြေပြင်သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။

“အဲ့ဒီဘက်မှာ ကူပေးနေတဲ့ ကျတော်တို့ ရန်ကုန် ပကဖက တစ်ယောက်ကျတယ်လို့ကြားတယ်။ သတင်းသေချာတော့မသိရသေးဘူး။ စစ်တပ်က အင်အားအတော်သုံးပြီးကို ဝင်လာတာ” ဟုပြောသည်။

ကွင်းကလေးကျေးရွာတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က သေဆုံးမှုများပြားပြီး စစ်ကြောင်းတစ်ကြောင်း ပျက်စီးသွားသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသော်လည်း တိကျသည့် သတင်းအချက်အလက်မရရှိသေးပေ။

အတွင်းကွင်းကလေးကျေးရွာကို စစ်ကော်မရှင်တပ်များ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းသည် BGF အကူအညီဖြစ်နိုင်ကြောင်းလည်း မြေပြင်သတင်းရင်းများက သုံးသပ်သည်။

” အဲ့ဒီအထဲရောက်ဖို့ဆိုရင် စစ်တပ်က လမ်းကြောင်း သေချာမသိဘူး။ BGF အကူအညီမပါဘဲနဲ့ မရောက်လာနိုင်ဘူး။ ဒါပေမဲ့ တော်လှန်ရေးတပ်တွေကတော့ အတွင်းကွင်းလေးရွာကို ၀ိုင်းထားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကော်မရှင်တပ်သည် ၂၀၂၄ခုနှစ်၊ ဧပြီ လတွင် အောင်ဇေယျစစ်ကြောင်းကို ဖွဲ့စည်းပြီးနောက် မြ၀တီမြိုကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် ကော့ကရိတ်၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကော်မရှင်တပ်များသည် မြ၀တီမြို့နှင့် မိုင် ၂၀ ဝန်းကျင်ခန့် ကွာဝေးသည့် ဒေါနတောင်တန်းများတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တစ်နှစ်ကျော်ကြာ ပိတ်မိနေ့ပြီး ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများပြားခဲ့ရသည်။

အဆိုပါ အောင်ဇေယျစစ်ကြောင်းသည် စစ်ကော်မရှင်၏ အင်အားကြီး စစ်ဆင်ရေးတစ်ခုဖြစ်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ပြင်းထန်သော ခုခံမှုကြောင့် ရည်မှန်းချက်အတိုင်း အချိန်တိုအတွင်း စစ်ဆင်ရေး မအောင်မြင်ခဲ့ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။