By Hsu Yee/MPA
ပဲခူးတိုင်း ၊ ညောင်လေးပင်-မဒေါက်လမ်းပိုင်းပေါ်ရှိ စစ်တပ်ဂိတ်ကို PDFတို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၅ ရက်) နံနက် ၆ နာရီဝန်းကျင်တွင် ညောင်လေးပင်-မဒေါက်လမ်းပိုင်းတစ်နေ ရာရှိ စစ်တပ်ဂိတ်ကို Fire Dragon တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦး မျက်မြင် သေဆုံးခဲ့ကြောင်း Fire Dragon တပ်ရင်းထံက သိရသည်။
“အဲ့ဂိတ်ကတော့ အဲ့မှာရှိနေတာကြာပြီပေါ့။ အင်အားတော့ ခန့်မှန်းရ နည်းနည်းခက်တယ်ပေါ့နော်။ ရန်သူ ၂ ယောက်ကျတယ်။အဓိကတော့ ညောင်လေးပင်နဲ့မဒေါက်ကြား တစ်နေရာက အရေးပါတဲ့ ဂိတ်အထိုင်တစ်ခုပဲ။ စခန်းကြီးချထားတာတော့မဟုတ်ဘူး”ဟု Fire Dragon တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။
အဆိုပါ စစ်တပ်ဂိတ်သည် လမ်းသွားလမ်းလာ ပြည်သူများထံမှ ငွေညှစ်လေ့ရှိကြောင်း သိရသည်။
“အဲ့ဒီ့လမ်းပိုင်းမှာ သွားလာတဲ့သူတွေကို မထင်ရင်မထင်သလို မာန်မဲလုပ်တာမျိုးရှိတယ်။ လူသစ်ဆွဲတာမျိုးတွေလည်း လုပ်တယ်ပေါ့နော်။အခုလို ပြည်သူတွေကို ခြိမ်းခြောက်မယ် ၊ စိတ်ဆင်းရဲအောင်လုပ်မယ် ၊ သွားလမ်းလာလမ်းတွေကို နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ဒီလိုမျိုး အဆင်ပြေရင် အခြေအနေပေးရင်ပေးသလို ကျနော်တို့က တုံ့ပြန်မှုတွေလုပ်နေဦးမှာပဲ”ဟု ၎င်းက ပြောသည်။
ယင်းပစ်ခတ်မှုအပြီးတွင် MA1 သေနတ် တစ်လက် ၊ MA2 သေနတ် တစ်လက် ၊ ကျည်ဘောက် ၅ ခု ၊ အီနာဂါ၂ လုံးနှင့် ကျည် အတောင့် ၁၈၀ ခန့်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုပြီးနောက် ညောင်လေးပင် အခြေစိုက် ခမရ ၂၀ တပ်ရင်းမှ ၁၂၀ မမလက်နက်ကြီး ၄ လုံး ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နှင့် ၄ မိုင်ကျော်သာ ဝေးသည့် ညောင်လေးပင်-မဒေါက်လမ်းပိုင်းအနီးမှ ပုဇွန်မြောင်းရွာတွင်လည်း စစ်တပ်က နေရာ ၄ ခုခွဲ၍ တပ်စွဲထားကြောင်း သိရသည်။
ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းတွင် မုက္ခမူဂိတ်စခန်း ၊ တာပြတ်ဂိတ်စခန်းနှင့် ရေကြည်ချောင်း ဂိတ်စခန်းများရှိပြီး ပိန်းဇလုပ် အခြေစိုက် ခမရ ၂၆၄ နှင့် ခမရ ၂၀ မှ စစ်သားများအပါအဝင် ပျူစောထီးနှင့်ရဲများ ပူးပေါင်း၍ တပ်စွဲထားကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
