ပွင့်ဖြူတွင် စစ်ကြောင်းထိုးလာသောတပ် တိုက်ခိုက်ခံရပြီး ၂၁ဦးသေဆုံးဟုဆို

ဓာတ်ပုံ - မြိုင်ပကဖ ပုံစာ - စစ်ကြောင်းကို တိုက်ခိုက်နေသော PDFရဲဘော်များ။

By Nway / MPA

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်တပ် တိုက်ခိုက်ခံရပြီး ၂၁ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

စက်တင်ဘာ ၄ရက်၊ ညနေ ၄နာရီ ၁၉မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ မဲဇလီစခန်းကုန်းမှ ထွက်လာ သည့် အင်အား ၂၀၀ဝန်းကျင်ပါ စစ်ကြောင်းကို ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက် မြေနီကုန်းတောကျောင်းအနီး၌ တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် ကြာခဲ့ပြီး ဒဏ်ရာရရှိသူလည်းများ ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

” မဲဇလီကနေ ကျောင်းကုန်းကြီးကို သွားတာ စစ်ကြောင်းက။ ပစ်ခတ်တိုက်ခိုက်တာကတော့ ကျနော်တို့ဘက်ကအရင်မိုင်းဆွဲပြီး စတင်ပစ်ခတ်တာ။ တိုက်ပွဲဖြစ်တုန်းကတော့ သူတို့ကျတဲ့ ခွေးတွေကို လှည်းပေါ်မှာ တင်ထားတာတွေ့တယ်။ ဓာတ်ပုံတွေ ဘာတွေကတော့ ကျနော်တို့လည်း မရရှိခဲ့ဘူး။ ဘာဖြစ်လို့ဆို ကျနော်တို့လည်း ပြန် Backလာရတာ။ ၆၀မမတွေနဲ့ တအားထောက်လို့” ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးက MPA သို့ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းကိုလာကြိုသည့် ကျောင်းကုန်းကြီးရွာမှ စစ်အုပ်စုဝင် အင်အား ၈၀ခန့်သည် ယင်းစစ်ကြောင်းနှင့် ပူးပေါင်းပြီး ယနေ့ (စက်တင်ဘာ ၅ရက်)နေ့ခင်း ၁၂နာရီခန့်၌ ကျွဲခြံရွာသို့ ဝင်ရောက်နေကြောင်းသိရသည်။

ထို့ပြင် ယနေ့ (စက်တင်ဘာ ၅ရက်)တွင် မဲဇာလီစခန်းကုန်းမှ စစ်အုပ်ဝင် တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

” မဲဇလီကခွေးလို့ ပြောတယ်။ ကျောင်းကုန်းကြီးကို ရိက္ခာသွားပို့တာကို မိလာတယ်လို့ သိရှိထားရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ မင်းဘူးခရိုင်တပ်ရင်း ၄၊ မြိုင်၊ပေါက် ပကဖ စုဖွဲ့မှု၊ မြိုင်၊ပေါက် Drone Team တပ်၊ ပခုက္ကူ ပကဖနှင့် ပွင့်ဖြူမြို့နယ်ပလဖ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML