By RaHu/ MPA
အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် နှလုံးရောဂါကျန်းမာရေး ပိုမိုဆိုးရွားလာသဖြင့် ပြန်လွှတ်ပေးရန် သားဖြစ်သူ ကင်အဲရစ်က တောင်းဆိုထား သည်။
The Independent သတင်းဌာနကို ကင်အဲရစ်က ၂၀၂၅ စက်တင်ဘာ ၄ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှလုံး ကျန်းမာရေး ပိုမို ဆိုးရွားလာကြောင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်မေမေ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ရှိပြီ။ နှလုံးပိုင်းဆိုင်ရာ ရောဂါအခြေအနေ ပိုဆိုးလာတယ် လို့ ကြားရတယ်။ မေမေက နှလုံးအထူးကုဆရာဝန်နဲ့ တွေ့ချင်တယ်လို့ တောင်းဆိုထားပေမဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက်ရသလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်အဲရစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လတွင် အသက် ၈၀နှစ် ပြည့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မသိရပေ။ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်း သားများ နည်းတူ လူချင်းတွေ့ခွင့် ရသော ဧည့်တွေ့ထောင်ဝင်စာအခွင့်အရေးလည်း ကန့်သတ်ထားသည်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမည်ဟု ကင်အဲရစ်က တောင်းဆိုထားပြီး မိခင်နှင့် တွေ့ဆုံခွင့်ပေးရန် ၊ ကောင်းမွန်စွာဆေးကုသခွင့်ပေးရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် စစ်ကောင်စီထံ တောင်းဆိုထားသည်။
“ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ လူမဆန်တဲ့ ရက်စက်သော လုပ်ရပ်ဖြစ်တယ်။ မေမေကို လွှတ်ပေးရမယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရမယ်။ အခုတောင်းဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လည်း ဖြစ်တယ်”ဟု ကင်က ထပ်မံ ပြောဆိုထားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလီယံဟုချ်က “ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ဖို့ အချိန်တန်ပါပြီ။ ဒါဟာ ကျင့်ဝတ်နဲ့ လူသားချင်းစာနာထောက်ထားမှုအရ လိုအပ်ချက်တစ်ခုလည်း ဖြစ်တယ်။ သူမကို အချိန်နှောင့် နှေးမနေဘဲ ဆေးဝါးကုသခွင့် ပေးဖို့ လိုတယ်”ဟု The Independent ကို ပြောထားသည်။
နှလုံးသည် လူ့ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နှလုံးတွင် ရောဂါ တမျိုးမျိုးဖြစ်နေလျှင် အချိန်မီ ကုသမှု ခံယူသင့်ပြီး ကုသမှုမရှိလျှင် အသက်အန္တရာယ်ရှိ ကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။
“အမေ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို နှလုံးရောဂါမျိုး ဖြစ်နေတာလဲဆိုတာ တိတိကျကျ မသိရတော့ ပြော ပြဖို့တော့ ခက်တယ်။ နှလုံးရောဂါက အမျိုးမျိုးရှိတယ်။ ဆေးသောက်လိုက်ရင် ပျောက်တာရှိတယ်။ ဆေး သောက်ပြီး ရောဂါ အခြေအနေ ပိုဆိုးမလာအောင် ထိန်းထားတာရှိတယ်။ အခုမှ စပြီး နှလုံးသွေးကြော ကျဉ်း တယ်ဆိုရင် ဆေးသောက်ပြီး ထိန်းလို့ရသေးတယ်။ သွေးကြောအရမ်းကျဉ်းနေတာမျိုးဆိုရင်တော့ သွေးကြော ချဲ့ပေးရတယ်။ နောက်ပြီး မဖြစ်မနေ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရတဲ့ နှလုံးရောဂါတွေလည်း ရှိတယ်။ နှလုံးဆို တာ အသက်အန္တရာယ်ရှိလို့ အချိန်မှီ ကုသမှု ခံယူနိုင်ရင်တော့ အကောင်းဆုံးပဲ”ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် ဆေးကုနေသော အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု၏ နှစ်ရှည်လများ သင်္ကေတဖြစ်သော ဒေါ် အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်တပ်၏ တရားစွဲဆိုထားသော အမှုအများအပြားအတွက် ဖမ်းဆီး ချုပ်နှောင်ခံထားရပြီး တစ်ဦးတည်းသီးသန့် အကျဉ်းချ ခံထားရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး ရန်တောင်းဆိုခဲ့ကြသည်။
၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိခဲ့ပြီး အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေချိန် တွင် ကာချုပ်မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်း၌ မတရား အာဏာသိမ်းယူခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြားကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပြီး လာမည် ၂၀၂၅ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ် မည်ဟု စစ်တပ်က ကြေညာထားသည်။
စာတည်း-ကိုဆန်း
