မြန်မာနိုင်ငံသား ၆သောင်းကျော်ရှိသော တောင်ကိုရီးယားတွင် တရားမဝင်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ ၂၅ဦးပင်မရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဒီဇင်ဘာ ၆ရက်နှင့် ၇ရက်တို့တွင် တရားမဝင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲလာပေးရန် စစ်ကော်မရှင်သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ၇ရက်)၌ ကြိုတင်မဲလာပေးသူ ၁၀ဦးထက်မပိုကြောင်းနှင့် ဒီဇင်ဘာ၆ရက်က ကြိုတင်မဲပေး သူ ၁၅ဦးထက်မပိုကြောင်း ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီထံက သိရသည်။
“ဒီနေ့ မဲလာပေးတဲ့ အခြေအနေကတော့ ခန့်မှန်းခြေ ၁၀ယောက်ထက်တော့မပိုဘူး။ မနက်ပိုင်း မှာ ၃-၄ ယောက်၊ နေ့လယ်ပိုင်း ၃-၄ ယောက်လောက်ပဲ ရှိပါတယ်။ သံရုံးနဲ့ ပတ်သက်တဲ့ နီးစပ်ရာ အသိုင်းအဝိုင်းကပဲ မဲလာပေးကြပါတယ်”ဟု ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မ တီဝင် မဆိုဖီယာက MPAသို့ပြောသည်။
ဆိုးလ်မြို့ စစ်ကော်မရှင်သံရုံးသို့ သွားရာလမ်းတစ်လျှောက်တွင် တော်လှန်ရေးအင်အားစုများက တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးကန့်ကွက်သပိတ်ကို ဒီဇင်ဘာ၆ရက်နှင့် ၇ရက်တို့တွင် ကျင်းပခဲ့ရာ ယနေ့ သပိတ်တိုက်ပွဲဝင်ရဲဘော်၈၀ကျော် ရှိကြောင်း သိရသည်။
ယနေ့ နေ့ခင်း၁၂နာရီအချိန် အခြေအနေနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်း လှုပ်ရှားမှုကော်မတီက “ကြိုတင်မဲရုံ လုပ်ထားတဲ့ စစ်အုပ်စု သံရုံးရှေ့မှာ မဲလာထည့်သူ မရှိ။
တော်လှန်ပြည်သူများရဲ့ ဆန္ဒပြမှုသာ ရှိ။ အနီးက ကြည့်ကြည့်၊ လမ်းထိပ်ကကြည့်ကြည့်၊ အဝေးကဇွန်းဆွဲပဲ ကြည့်ကြည့် လူတယောက်မှ မရှိ။ ကားနှစ်စီးက တုပ်တုပ်မလှုပ်”ဟု ထုတ် ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးနိုင်သောနေရာမှာ ဆိုးလ်မြို့စစ်ကော်မရှင်သံရုံးတစ်ခု တည်းသာ ရှိသည်။
ယနေ့မွန်းလွဲပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့၌လည်း စစ်အုပ်စု တရားမဝင်ရွေးကောက် ပွဲကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ကျင်းပခဲ့ရာ တောင်ကိုရီးယာရောက် မြန်မာပြည်သူ ၃၀၀ကျော် ပါဝင် တိုက်ပွဲဝင်ခဲ့သည်။
စာတည်း-ML
