ယူကရိန်းရှိ အနောက်နိုင်ငံတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည်ဟု ပူတင် ခြိမ်းခြောက်

Photo - Daniel Berehulak / The New York Times / Redux

AFP

ယူကရိန်းသို့ စေလွှတ်မည့် အနောက်နိုင်ငံတပ်ဖွဲ့ဝင်များသည် ရုရှားစစ်တပ်၏ ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု သမ္မတ ဗလာဒီမီယာ ပူတင်က စက်တင်ဘာ ၅ ရက် တွင် သတိပေးလိုက်သည်။

ယူကရိန်း၏ မဟာမိတ်များက ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါက တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ကတိပြုပြီးနောက် တစ်ရက်အကြာတွင် ပူတင်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြင်သစ်နှင့် ဗြိတိန်ဦးဆောင်သည့် နိုင်ငံပေါင်း ၂၄ နိုင်ငံသည် ဖေဖော်ဝါရီ ၂၀၂၂ တွင် ရုရှားက စတင်ခဲ့သည့် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ပြုလုပ်မည့် မည်သည့်သဘောတူညီချက်ကိုမဆို မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့တွင် လုံခြုံရေးတပ်ဖွဲ့များအဖြစ် ပူးပေါင်းပါဝင်မည်ဟု ကြာသပတေးနေ့က ကတိပြုခဲ့သည်။

၃ နှစ်ကျော် ကြာမြင့်ပြီဖြစ်သည့် ရုရှား၏ ကျူးကျော်မှုတွင် ငြိမ်းချမ်းရေး ရရှိပြီးနောက် နောင်တစ်ချိန်တွင် ထိုးစစ်ပြန်လည်မဆင်နွှဲစေရန်အတွက် အနောက်နိုင်ငံတပ်ဖွဲ့ဝင်များက ထောက်ပံ့ပေးမည့် လုံခြုံရေးအာမခံချက်များသည် မည်သည့်သဘောတူညီချက်အတွက်မဆို အရေးကြီးကြောင်း ယူကရိန်းအစိုးရက ပြောသည်။

ပူတင်က ရုရှားအရှေ့ဖျားဒေသ ဗလာဒီဗော့စတော့ခ်မြို့ရှိ စီးပွားရေးဖိုရမ်တစ်ခုတွင် ” အနောက်နိုင်ငံက တပ်ဖွဲ့ဝင်တွေ ယူကရိန်းကို ရောက်လာခဲ့ရင် အထူးသဖြင့် အခုလို တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က သူတို့ကို တရားဝင်ပစ်မှတ်တွေအဖြစ် သတ်မှတ်မှာပါ” ဟု ပြောကြားခဲ့သည်။

ထိုသို့သော တပ်ဖွဲ့ဝင်များ ချထားခြင်းသည် ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုကြောင်းနှင့် ယူကရိန်း၏ အနောက်နိုင်ငံများနှင့် စစ်ရေးအရ ပိုမိုနီးကပ်လာမှုသည် ပဋိပက္ခ၏ “အဓိကအကြောင်းရင်းများ” အနက်မှတစ်ခုဖြစ်ကြောင်းလည်း ပူတင်က ပြောကြားသည်။

ယူကရိန်း၏ မဟာမိတ်များက မည်မျှသော တပ်ဖွဲ့ဝင် အရေအတွက်ကို စေလွှတ်မည်၊ မည်သည့်နိုင်ငံများက မည်သို့ပါဝင်ကူညီမည် စသည့် အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ပြင်သစ်သမ္မတ အီမန်နျူရယ် မာခွန်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့်အတူ သတင်းထောက်များကို ကြာသပတေးနေ့တွင် ပြောကြားရာ၌ “ဒီနေ့မှာ ကျွန်တော်တို့မှာ တရားဝင်ကတိပြုထားတဲ့ နိုင်ငံ ၂၆ နိုင်ငံ ရှိပါတယ်။ တချို့နိုင်ငံတွေကတော့ အခုထိ ရပ်တည်ချက် မပြသေးပါဘူး။ သူတို့ဟာ ယူကရိန်းမှာ ကြည်း၊ရေ၊ လေ တပ်ဖွဲ့ဝင်တွေအဖြစ် ‘စိတ်ချယုံကြည်မှု တပ်ဖွဲ့’ အနေနဲ့ တပ်ဖြန့်ချထားဖို့ သဘောတူထားကြပါတယ်” ဟု ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက အဆိုပါ ကတိပြုမှုကို ချီးကျူးခဲ့ပြီး “ဒီနေ့ဟာ အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် ဒီလိုလေးနက်တဲ့၊ ခိုင်မာတဲ့ ခြေလှမ်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတက ထိုတပ်ဖွဲ့ဝင်များကို “ရှေ့တန်း” တွင် ချထားမည်မဟုတ်ဘဲ “မည်သည့် ကြီးမားသော ကျူးကျော်မှုအသစ်ကိုမဆို တားဆီးရန်” ရည်ရွယ်သည်ဟု ပြောသည်။

ကျူးကျော်တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် ယူကရိန်းအား နယ်မြေများ ထပ်မံစွန့်လွှတ်ရန်နှင့် အနောက်နိုင်ငံ၏ အထောက်အပံ့များကို လုံးဝစွန့်လွှတ်ရန် ပူတင်က တင်းတင်းမာမာ ဆက်လက် တောင်းဆိုထားသည်။