အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိ NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးသည် တော်လှန်ရေး၏ အဆင့်အလိုက် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မကြာမီကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EAOs) ပါဝင်သော ကိုယ်စားပြုအားကောင်းသည့် အစိုးရအဖွဲ့ ဖွဲ့စည်းရေးကို လုပ်ဆောင်သွားမည်ဟု ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးပြောကြားခဲ့သည်။
ယာယီသမ္မတက၏ ပြောကြားချက်များတွင် NUG ၏ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို အဓိကအားဖြင့် အဆင့် (၃) ဆင့် နှင့် လုပ်ငန်းစဉ် (၃) ရပ် ဖြင့် ဖော်ပြခဲ့သည်။
NUG ၏ ပြုပြင်ပြောင်းလဲရေးသည် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးသို့ ဦးတည်နေပြီး ပထမဆင့်အနေဖြင့် လက်ရှိ NUG အစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြောင်းလဲရေး ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ထုတ်ပြန်ဆောင်ရွက်ပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးကတော့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများပါဝင်တဲ့ ကိုယ်စားပြုအားကောင်းတဲ့ အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ တတိယအဆင့်အနေနဲ့ ပြုပြင်ပြောင်းလဲရေးကတော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်အုပ်စုကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေး အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းဖို့ဖြစ်ပါတယ် ” ဟု ယာယီသမ္မတက ဆိုသည်။
“EAOs အားလုံးက NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တူညီတဲ့ မူဝါဒနဲ့ စိတ်ဆန္ဒ ရှိ၊ မရှိ စိန်ခေါ်မှုကြီးမားတယ်။ EAOs တစ်ခုချင်းစီရဲ့ နိုင်ငံရေး အမြင်နဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု အပေါ်လိုချင်တဲ့ အကျိုးစီးပွား ကွဲပြားမှုကို NUG အနေနဲ့ ကျွမ်းကျင်စွာ ညှိနှိုင်းဖြေရှင်းနိုင်မှ ရမယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့ပြင် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရာ၌ အဓိက လုပ်ငန်းစဉ် သုံးရပ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းစဉ်သုံးရပ်သည် မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေး (Strategic Reform)၊ ဖွဲ့စည်းပုံ ပြောင်းလဲရေး (Structure Reform)နှင့် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေး (Sectoral Reform)တို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲရေးမှာ ကဏ္ဍကြီးခြောက်ရပ် ချမှတ်ထားပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ် ဆက်ဆံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်သူ့ဆက်ဆံရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍတွေပါဝင်ပါတယ်။ ဒီလိုမဟာဗျူဟာအလိုက် ပြုပြင်ပြောင်းလဲရေးတွေဘာကြောင့်လုပ်ရလဲဆိုရင် ကျတော်တို့ဟာ တော်လှန်ရေးတစ်ရပ်လုံးရဲ့ စုစုပေါင်း ရလဒ်ကို ယခုအခြေအနေထက် ပိုမိုကောင်းမွန်လာအောင် တွန်းတင်နိုင်ဖို့ဖြစ်ပါတယ် ” ဟု ယာယီသမ္မတက ဆက်လက်ပြောသည်။
ဤပြုပြင်ပြောင်းလဲရေးများသည် တော်လှန်ရေး၏ စုစုပေါင်း ရလဒ်ကို ပိုမိုကောင်းမွန်စေရန်၊ ရင်းမြစ်များ ခွဲဝေသုံးစွဲမှုကို ထိရောက်စေရန်၊ လက်ရှိအစိုးရအဖွဲ့ကို ပိုမိုတာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော အစိုးရတစ်ရပ်ဖြစ်လာစေရန်နှင့် ပြည်သူ့ယုံကြည်မှု၊ မဟာမိတ်ဆက်ဆံရေးကို ကျစ်လစ်ခိုင်မာစေရန် ရည်ရွယ်ကြောင်း ယာယီသမ္မတက အလေးထား ပြောကြားခဲ့သည်။
တော်လှန်ရေးကာလအတွင်း စစ်ကော်မရှင်၏ ပြင်းထန်သော စစ်ရေးဖိအားများအောက်တွင် NUG အဖွဲ့အစည်းအတွင်း ကြီးမားသော ဖွဲ့စည်းပုံ ပြောင်းလဲမှုများ (Structure Reform) ကို ပြုလုပ်ခြင်းသည် ယာယီအားဖြင့် စစ်ကော်မရှင်အုပ်ချုပ်ရေး ယန္တရားကို နှေးကွေးသွားစေနိုင်သော်လည်း အကူးအပြောင်းကာလတွင် ပြည်သူ့ဝန်ဆောင်မှုများ တည်ငြိမ်စွာ ဆက်လက်ပေးနိုင်ရေး သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်းလည်း သုံးသပ်မှုများရှိသည်။
ထို့ပြင် NUG ၏ မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေးသည် တော်လှန်ရေးအောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သော်လည်း၊ EAOs များနှင့် နိုင်ငံရေးအရ ညှိနှိုင်းရေးအပြင်၊ ပြည်သူလူထု၏ ယုံကြည်မှုကို လျင်မြန်စွာ ပြန်လည်တည်ဆောက်ရန် လိုအပ်နေကြောင်းလည်း နိုင်ငံရေးလေ့လာသူများက ထောက်ပြထားသည်။
