အသံတိတ်သပိတ် ပြုလုပ်မည့်နေ့တွင် မဲဆွယ်ဟောပြောပွဲ ပြုလုပ်ရန် ဦးကိုကိုကြီး စီစဥ်ထား

ဓာတ်ပုံ-လူမှုကွန်ရက်

လူထုအား အသံတိတ် သပိတ်ပြုလုပ်ရန် ဆော်သြထားသည့် ဒီဇင်ဘာ ၁၀ရက်တွင် ပြည်သူ့ပါတီဥက္ကဌ ဦကိုကိုကြီးက ဟင်္သာတမြို့၌ မဲဆွယ်ဟောပြောပွဲ ပြုလုပ်ရန် စီစဥ်ထားကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ဒီဇင်ဘာ ၁၀ ရက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး အာဏာသိမ်းစစ်တပ်၏ ဖိနှိပ် ရက်စက်မှုများကို ဆန့်ကျင်သည့် အနေဖြင့် အသံတိတ်သပိတ် ပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက လူထုအား ဆော်သြထားသည်။

သို့သော် အဆိုပါနေ့တွင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက မဲဆွယ်ဟောပြောရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

” ဒီရက်ကိုတမင်ရွေးထားတာ။10D ကျောင်းသားလှုပ်ရှားမူ့ ကျောင်းသားခေါင်းဆောင် တစ်သက်တကျွန်းကျအမှတ်တရပေါ့” ဟု ပြည်သူ့ပါတီ၏ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး အမတ်လောင်း ဦးစိန်သောင်းက ဆိုသည်။

အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက် နှိပ်စက်မှု​များကြောင့် အကျပ်ရိုက်နေသည့် လူထုက ၎င်းတို့၏ ဆန္ဒကို ပြနိုင်မည့် အသံတိတ်သပိတ် ပြုလုပ်မည့် နေ့တွင် မဲဆွယ်ပွဲ ပြုလုပ်မည့် ဦးကိုကိုကြီးအား ဝေဖန်မှုများ ရှိနေသည်။

” ကျတော်တို့တွေ စစ်တပ်က ကြမ်းကြုတ်လွန်းလို့ ဘာအသံမှ မထွက်ရဲလောက်အောင် ဖြစ်နေရတယ်။ ဒီလို အချိန်မှာ ကျတော်တို့ အားလုံး တစ်ညီတစ်ညွတ်တည်း အသံတိတ်ပြလိုက်တာဟာ အကျယ်လောင်ဆုံးသော ဆန့်ကျင်သံကို ပြတာပဲ။ ဒါကို ကိုကိုကြီးက ဟောပြောပွဲတောင် ထလုပ်တယ်ဆိုတော့ ဒီလူဟာ စစ်တပ်ဘက်က ရပ်တည်တဲ့ ဖောက်ပြန်ရေးသမားဘဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်အခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း ဦးကိုကိုကြီးသည် အာဏာသိမ်း စစ်တပ်ကို ​ဖုံးဖိမရ ကြောက်ရွံ့နေသည် ဝေဖန်ခဲ့သည်။

” ကေကျု(ဦးကိုကိုကြီး) ကြောက်လိုက်တာမှ လွန်ရောပဲ။ စစ်တပ်က ၁၀ရက်နေ့ လူစည်အောင် လုပ်ခိုင်းထားတော့ သူလည်း လိုက်လုပ်တာပေါ့။ လိုချင်တော့ လူထုစီကမဲ လုပ်တော့ စစ်တပ်ခိုင်းတာ အကုန်လုပ်တယ်” ဟု ၄င်းက ဝေဖန်ပြောဆိုသည်။

အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် လူထုသည် အွန်လိုင်းပေါ်တွင်ပင် စစ်အာဏာရှင် ဆန့်ကျင်ရေး အကြောင်းများကို ဖော်ထုတ်ရန်ပင် အခက်ကြုံနေရသည်။

ယင်းကြောင့် ဒီဇင်ဘာ ၁၀ရက်တွင် လူထုအများစု အထိအခိုက်မရှိ ပါဝင်နိုင်မည့် အသံတိတ်သပိတ် ပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက ဆော်သြထားခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် သင်္ကြန်ကာလကလည်း အသံတိတ်သပိတ်ဖြင့် အဖိနှိပ်ခံ မြန်မာပြည်သူများ၏ အသံကို ကမ္ဘာကြီးကြားအောင် ဖော်ပြနိုင်ခဲ့သေးသည်။ ထို့ပြင် နှစ်စဉ်ပြုလုပ်သည့် အသံတိတ်သပိတ်များတွင်လည်း ပြည်သူအများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

လာမည့် ဒီဇင်ဘာ ၁၀ရက်တွင်လည်း အသံတိတ်သပိတ် ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက နိုးဆော်ထားခြင်းကြောင့် စစ်တပ်က ပွဲလမ်းသဘင်များ ပြုလုပ်မှုများရှိသည့်အပြင် ဦးကိုကိုကြီးကလည်း စစ်တပ်အလိုကျ လူစည်ကားစေရန် ဟောပြောပွဲ ပြုလုပ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။