အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး အမြဲတန်းအတွင်းဝန်ဟောင်း ဒေါ်ကြည်ပြာက ၎င်းကို တိုင်ကြားသည့် ဝန်ထမ်း၁၂ ကို တန်ပြန်တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် တိုင်ကြားသူ ၁၂ ဦးကို မကြည်ပြာက တန်ပြန်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး “ကြည်ပြာ အဂတိလိုက်စားမှု ဖော်ထုတ်ရေးအဖွဲ့” Facebook Pageကိုလည်း ဖျက်ချပေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်ကြားသူများကို စာပေးပို့ အကြောင်းကြားလာကြောင်း အမည်မဖော်လိုသည့် တိုင်ကြားသူတစ်ဦးက MPA သို့ပြောသည်။
“မကြည်ပြည်က ဘယ်အကြောင်းနဲ့ တန်ပြန်တိုင်ကြားလဲဆိုတာကတော့ မသိရှိရသေးပါဘူး။ ကြည်ပြာ ပြန်တိုင်တဲ့နေ့မှာဘဲ ကျတော်တို့ Pageကို ဖြုတ်သိမ်းပေးဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စာပို့လာတာပါ” ဟု ၎င်းက ပြောသည်။
မကြည်ပြာ အမှုနှင့် ပတ်သက်ပြီး NUG က ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည့် နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၃ရက်နေ့အထိ တိုင်ကြားသူ ၁၂ဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်။
NUG က ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လက်ရှိဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါ်နော်စူစန်နာ လှလှစိုး၊ ဒေါ်ဂျာထွယ်ပန်တို့ ပါဝင်ကြောင်း NUG နှင့် နီးစပ်သူများထံမှ သိရသည်။
” ‘အတွင်းဝန်အရှုပ်တော်ပုံ’ ကိစ္စဟာ ခေါင်းဆောင်ပိုင်းကို ရုံးဝန်ထမ်းဟောင်းတွေကိုယ်တိုင် တိုင်ကြားခဲ့တာဖြစ်တယ်။ NUG က အကျင့်ပျက် ခြစားမှုတွေကိုထိထိရောက်မကိုင်တွယ်နိုင်ရင်တော့ လူထုကပေးတဲ့ပြစ်ဒဏ်ကိုခံရနိုင်တယ်။ နောက်ပြီး လက်ရှိပြောင်းလဲလိုက်တဲ့ အပြောင်းအပေါ်လဲလူထုက ဘဝင်မကျတာမျိုးရှိနေတော့ လူထုကစောင့်ကြည့်နေတယ်ဆိုတာမမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။ ” နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ တိုင်ကြားသူများကို တန်ပြန်တိုင်ကြားခဲ့မှုနှင့် ပတ်သက်ပြီး အချက်အလက် အသေးစိတ်သိရှိနိုင်ရန် ဒေါ်ကြည်ပြာကို Messenger မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိပေ။
NUG ဝန်ကြီးချုပ်ရုံး အမြဲတန်းအတွင်းဝန်ဟောင်း ဒေါ်ကြည်ပြာနှင့် အမျိုးသားဖြစ်သူ ညီညီမင်းတို့သည့် ဝန်ထမ်းများအပေါ် ဖိနှိပ်မှုများ ပြုလုပ်ခြင်း၊ ဌာနအတွင်း မိသားစုဝင်များကို ရာထူးကြီးများ ပေးအပ်ကာ ခန့်ထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှုများ ပြုလုပ်ခြင်းတို့ကြောင့် ဝန်ထမ်းဟောင်း ၁၂ ဦးက နိုဝင်ဘာလ ၁၉ ရက်တွင် NUG ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တို့ထံသို့ လိပ်မူပြီး သက်သေမှတ်တမ်းများဖြင့် တကွ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်ဟောင်း ဒေါ်ကြည်ပြာ နှင့် ၎င်း၏ အမျိုးသားဖြစ်သူ ဝန်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးညီညီမင်း တို့သည် ကစ၍ ၎င်းတို့၏ ရာထူးတာဝန်များမှ စွပ်စွဲတိုင်ကြားခံခဲ့ရပြီး အရေးယူဆောင်ရွက်မှုများ စတင်ခဲ့သည်။
အဆိုပါ တိုင်ကြားမှုများ ပေါ်ပေါက်လာပြီးနောက် NUG အစိုးရသည် နိုဝင်ဘာ ၂၂ ရက်နေ့ တွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ (စုံခုံ) တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး တိုင်ကြားခံရသူ ဒေါ်ကြည်ပြာအား ရာထူးမှ ယာယီရပ်နား ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဝန်ထမ်းဟောင်းများ၏ တိုင်ကြားမှု ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် တိုင်ကြားရာ၌ ပါဝင်ခဲ့သူ အချို့ကို ဖိအားပေးမှုများနှင့် ခြိမ်းခြောက်ခံရမှုများ ရှိခဲ့သည်ဟု ဝန်ထမ်းဟောင်း အချို့က ပြောသည်။
ဒေါ်ကြည်ပြာအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်ကြားသူများကို စစ်ဆေးပြီးသော်လည်း ယနေ့ ဒီဇင်ဘာ ၈ရက်နေ့အထိ တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
