စစ်ကိုင်းတိုင်းရှိ မော်လိုက်ကလေးရွာကို KIA နှင့် PDF များ မီးရှီု့ ထွက်ပြေးဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၇ ရက် ည ၇ နာရီ ၄ မိနစ်တွင် စစ်ကိုင်းတိုင်း၊ မော် လိုက်မြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ မော်လိုက်ကလေးရွာကို စစ်ရှုံးနေသည့် KIA နှင့် PDF များက မီးရှို့ဖျက် ဆီးပြီး ထွက်ပြေးသွားကြောင်း ရုပ်သံဖိုင်နှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဒီဇင်ဘာ ၈ ရက် ညပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၁,၀၀၀ ကျော်၊ Reaction ပေးသူ ၄၀၀ ကျော် ရှိခဲ့ပြီး “Ko Thet, Snow Queen” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/yxT5o
Ko Thet – https://archive.ph/J1bc1
Snow Queen – https://archive.ph/uOsUB
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို Invid Video Tool ဖြင့် စစ်ဆေးပြီး ရရှိလာသော keyframes များကို Google lens တွင် ရှာဖွေကြည့်ရာ “Red Peacock” မီဒီယာက ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။
“Red Peacock” တွင် ဒီဇင်ဘာ ၆ ရက်က စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ မော် လိုက်ကလေးရွာကို စစ်တပ်နှင့် ပျူစောထီးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကလေး ဒု(ဒစက)မှူး ညွှန်ကြား ချက်ဖြင့် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူနေအိမ် ၆၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးရှို့နေစဉ် ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူခဲ့သေးကြောင်းကို ရုပ်သံဖိုင်နှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/vIWRy
“ စစ်ကိုင်းတိုင်း မော်လိုက်ကလေးရွာ မီးရှို့ခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring ၊ မြေလတ်အသံ ၊ မောင်း” အပါအဝင် အခြားမီဒီယာများက သတင်းရေးထားကြသည်။
သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ရှိ မော်လိုက်ကလေးရွာကို စစ်တပ်နှင့် ပျူစောထီးများက ကလေး ဒု(ဒစက)မှူး အမိန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နေအိမ်များက ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူခဲ့ကြောင်း၊ မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၅၀ ကျော်ခန့် မီးလောင် ပျက်စီးခဲ့ကြောင်း၊ အိမ်ခြေ ၂၅၀ ရှိ မော်လိုက်ကလေးရွာတွင် ရွာလုံးကျွတ်စစ်ရှောင်နေရကြောင်း၊ သိမ်းငှက် စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့များက မော်လိုက်ကလေးရွာတွင် အခြေပြုနေထိုင်ခဲ့သော်လည်း နိုဝင်ဘာ ၂၄ ရက်က စလို့ ရွာကနေ ဆုတ်ခွာပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီး ယခုကဲ့သို့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/YTXUn
မြေလတ်အသံ – https://bitly.cx/uwcQ
မောင်း – https://bitly.cx/287GU
မီးလောင်မှုကို အတည်ပြုစစ်ဆေးရန် ကမ္ဘာ့အနှံ့က မီးလောင်မှုများကို ဖော်ပြပေးနေသည့် NASA ၏ Fire Information for Resource Management System (FIRMS) တွင် စစ်ဆေးကြည့်ရာ ဒီဇင်ဘာ ၆ ရက်က မော်လိုက်ကလေးရွာတွင် မီးလောင်ခဲ့ကြောင်း အမှတ်အသား ဖော်ပြထားသည်။
စစ်ဆေးမှုကို ကြည့်ရှုရန် >>> https://bitly.cx/FiRgE
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ မော်လိုက်ကလေးရွာကို စစ်တပ်နှင့် ပျူစောထီး များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။
မော်လိုက်ကလေးရွာကို နိုဝင်ဘာ ၂၆ ရက်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် ကလေး ဒု(ဒစကမှူး)၏ အမိန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ မော်လိုက်ကလေးရွာကို KIA နှင့် PDF များက မီးရှို့ဖျက်ဆီးပြီး ထွက်ပြေး” ဆိုသည်မှာ သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
