မကွေးတိုင်း၊ သရက် – ကံမလမ်းပိုင်းတွင် စစ်တပ်နှင့် PDF တို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်၊ နံနက် ၉ နာရီခန့်တွင် ကံမမြို့နယ်၊ ရေနံသာရဲကင်းစခန်းမှ ထွက်လာသော အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို နတ်မီးတောက်ကျေးရွာအနီး၌ မိုင်း ၃ လုံး ဆွဲပြီး ထိတွေ့တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် – ၄ တပ်ရင်း က သတင်းထုတ်ပြန်သည်။
” သရက် -ကံမ လမ်းပိုင်းဆိုတာက ကျနော်တို့လည်း စစ်ရေးအရ ပိုပြီး ထိတွေ့နိုင်ဖို့ ကြိုးစားနေတဲ့ နေရာလည်းဖြစ်တယ်။ ဒီတော့ စစ်ရေးအရကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာရှိတယ်။ ဒီပြင် ဆင်မှုအတိုင်း ရှိနေတဲ့အချိန်မှာ စစ်ကြောင်းလာတယ်။ ပြောက်ကျားနည်းနဲ့ မိုင်းဆွဲတယ်။ ပြီးတော့ ဦးအောင် တိုက်ခိုက်ခဲ့တာပေါ့နော်။ မိုင်းဆွဲစဉ်မှာ မိုင်းကွင်းထဲကိုဝင်လာတဲ့သူတွေ၊ သူတို့ ရှေ့ပွိုင့် ပေါ့။ ထိခိုက်သေဆုံးမှုတွေ၊ လဲကျသွားတာတွေကို ရဲဘော်တွေက မျက်မြင်တွေ့ရှိခဲ့ပါတယ်။ အဲဒီ နောက်မှာ နောက်ပွိုင့်ကသူတွေကို ကျနော်တို့ပစ်ခတ်တိုက်ခိုက်တယ်။ အပြန်အလှန်ပစ်ခတ်ရင်း ကျနော်တို့ပြန်ဆုတ်လာတာပါ ” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က MPA ကို ပြောသည်။
ထို့နောက် ယင်းစစ်ကြောင်းသည် လက်ကျန်တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ဖြင့် သရက် – ကံမ လမ်းပိုင်း အတိုင်း ဆက်လက်စစ်ကြောင်းထိုးလာကာ ယင်းလမ်းပိုင်းပေါ်ရှိ ထန်းဖြူကျေးရွာ နှင့် ရေတွင်းကြီး ကျေးရွာမှ ဒေသခံပြည်သူ နေအိမ်များကို ဖောက်ထွင်းခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် သရက်မြို့နယ်၊ စက်တောင်ကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
” စက်တောင်ကျေးရွာအနားမှာ ကျနော်တို့ ရဲဘော်တွေစောင့်နေပြီး ထပ်ဖြစ်တာပေါ့။ အဲဒီမှာ မိုင်း ဆွဲတာတော့ မရှိဘူး။ အနီးကပ်ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်။ မိနစ် ၃၀ ကြာတဲ့ တိုက်ခိုက်မှု အတွင်းမှာ သူတို့ဘက်က ၁၀ ယောက်သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်တယ်။ ပြီးတော့ အဓိကအတည်ပြုနိုင်တာ အရာရှိတချို့လည်းပါတယ်။ သူတို့ကို သရက်ဆေးရုံ ပို့ထားတယ် လို့သိရတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတော့ မရှိပါဘူး ” ဟု ၎င်းက ဆက်လက် ပြောသည်။
ယင်းစစ်ကြောင်းသည် စက်တောင်ရွာအနီး လမ်းပိုင်းကိုပိတ်ကာ ကုန်ကားတစ်စီးအား ချောဆွဲ၍ သေဆုံးသွားသည့် စစ်သားများ၏ အလောင်းများအား သရက်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သရက်မြို့မှ အင်အား ၃၀ခန့်ပါ စစ်ကြောင်းထွက်လာပြီး စက်တောင်ကျေးရွာဘုန်းကြီးကျောင်းအနီး၌ လက်နက်ကြီးတပ်ဆင်ကာ တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
သရက် – ကံမလမ်းပိုင်းတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သဖြင့် ယင်းလမ်းပိုင်း အသုံးပြုသည့် ခရီးသွားပြည်သူများအနေဖြင့် သတိပြု သွားလာကြရန် သရက်ခရိုင် ရင်း ၄ က အသိပေးထားသည်။
စစ်သားများသေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
