တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ NUG အစိုးရနှင့် ပူးပေါင်းပါဝင်ရန် အထွေထွေ အကန့်အသတ်များ ရှိနေဟုဆို

ဓာတ်ပုံ-NUG
ပုံစာ- ယာယီသမ္မတဒူဝါလရှီးလ PDFတပ်များ စစ်ဆေးနေပုံ။(ပုံဟောင်း)

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကြီးများ NUG အစိုးရနှင့် ပူးပေါင်းပါဝင်လာရန်မှာ အထွေထွေအကန့်အသတ်များ ရှိနေကြောင်း NUGအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဒီဇင်ဘာ ၈ ရက်၊ “အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုထံ အသိပေးသော နိုင်ငံတော် ယာယီသမ္မတမိန့်ခွန်း”တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင် စုဖွဲ့ရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ အထွေထွေ အကန့်အသတ်တွေ ရှိနေတာကို စိစစ်လေ့လာကြည့်လိုက်တဲ့အခါမှာ၊ နှစ်ပေါင်း ၆၀ကျော်ကြာ၊ ပြည်တွင်းစစ်ဟာ သမိုင်းဆိုင်ရာ အငြိုးနဲ့ လူမျိုးရေး အမုန်း၊ အာဃာတတွေကို အဓိက ပေါက်ဖွားစေရာ ရေခံမြေခံဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်က စစ်အာဏာရှင်အစိုးရတွေဟာ လူမျိုးရေးသွေးခွဲ အုပ်ချုပ်မှုတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု ပျက်ပြားအောင် လုံ့လထုတ်ခဲ့ကြတာ တွေ့ရပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့အပြင် ပထဝီနိုင်ငံရေးအကန့်အသတ်များသည် မြန်မာနိုင်ငံတွင် ‌ညီညွတ်သော တော်လှန်ရေးအင်အားစုကြီး မပေါ်ထွက်အောင် အဓိကတားဆီးနေကြောင်းလည်း ဆိုသည်။

“ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ ပါဝါအားပြိုင်ရာ ပထဝီအခင်းအကျင်းရဲ့ ဒဏ်ကိုလည်း ခံစားခဲ့ရတာတွေ့ရပါတယ်။ အထူးသဖြင့် ပထဝီနိုင်ငံရေးရဲ့ အကန့်အသတ်တွေဟာ ကျနော်တို့နိုင်ငံမှာ ညီညွတ်သော တော်လှန်ရေးအင်အားစုကြီး မပေါ် ထွက်နိုင်အောင် အဓိက တား ဆီးနေတာတွေ့ရပါတယ်။ ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်း နိုင်ငံကြီးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအထိုင် စဉ်းစားချက်တွေက ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ စုစည်းညီညွတ်မှုကို ကြိုးကိုင် ခြယ်လှယ်နေတာ တွေ့ရပါတယ်”ဟု ၎င်းကဆက်ကလက် ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးကို ပိုမိုအားကောင်းသည့် မဟာမိတ်စုဖွဲ့မှုများဖြင့် ပြောင်းလဲဖွဲ့စည်းရန် ကြိုးစားခဲ့ကြောင်း ၊ မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် မဟာမိတ်နိုင်ငံရေး တပ်ပေါင်းစုမှသည် တစ်မျိုးသားလုံး၏ ညီညွတ်ရေးကို ကျယ်ပြန့်စွာကိုယ်စားပြုနိုင်သည့် အစိုးရဖြစ်စေရန် အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ကျယ်ပြန့်စွာပါဝင်လာရန် ကြိုးစားခဲ့ကြောင်း ၊ အစိုးရအနေဖြင့် လူထုအကျိုးနှင့် တော်လှန်ရေးအောင်မြင်မှုများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ရန် မတွန့်ဆုတ်ခဲ့ကြောင်းနှင့် လူမျိုးပေါင်းစုံ ဒေသမျိုးကွဲပေါင်းစုံနှင့် အင်အားစုပေါင်းစုံလွန်းသည့် နိုင်ငံအတွင်း ပြည်သူတစ်ရပ်လုံး မျှော်လင့်နေ သည့် စုဖွဲ့လက်တွဲမှုမျိုးကို ယနေ့အထိ မပြုလုပ်နိုင်သေးကြောင်း ၎င်းကဝန်ခံပြောကြားခဲ့သည်။

ထို့အပြင် အချို့သော တိုင်းရင်းသား တော်လှန်ရေးအင်အားစုများသည် အစိုးရ၏ စွမ်းဆောင်မှုကို ယခုထက်ပိုပြီး စွမ်းဆောင်နိုင်သည့် ဦးဆောင်မှုကို မြင်‌တွေ့လိုသည်ဟု ယူဆကြောင်း ၊ အထွေထွေ ကန့်သတ်ချက်များကို ကျော်လွန်၍ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ပန်းတိုင်အတွက် ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းသည့် စုဖွဲ့ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြား လက်တွဲညီမှုကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆက်လက် မဆုတ်မနစ် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြည်သူလူထုသို့ ကတိစကားဆိုသည်။