ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်တွင် မောတောင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒေသခံအချို့သည့် ထိုင်းဘက်သို့ စစ်ရှောင်ခဲ့ရသူများသည် ဒီဇင်ဘာပထမပတ်မှ စတင်ကာ မြန်မာဘက်ခြမ်းရှိ တောတောင်များထဲ၌ ယာယီစခန်းများဖြင့် နေထိုင်နေရကြောင်း သိရသည်။
စစ်ကော်မရှင်၏ လေကြောင်းအန္တရာယ်ကို ကြောက်ရွံ့မှုကြောင့် ပြည်သူအများစုသည် မောတောင်မြို့ပေါ်သို့ ပြန်ရောက်နေထိုင်ခြင်းမပြုဘဲ ယာယီစခန်းများ၌ နေထိုင်နေရသော်လည်း စစ်ရှောင်များအတွက် စားနပ်ရိက္ခာများကို ထိုင်းဘက်မှ သယ်ယူမှုများသည် ကန့်သတ်မှုများရှိသောကြောင့် ခရီးမတွင်ဖြစ်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကိုအောင်အောင်က ပြောသည်။
“ လက်ရှိမှာ စစ်ရှောင် ၅၁၀၀ ရှိတယ်။ အဲ့ဒီအတွက်ကို စားနပ်ရိက္ခာ အလုံအလောက် ထောက်ပံ့ဖို့ လည်း ကျတော်တို့ကြိုးပမ်းနေရတယ်။ ထိုင်းဘက်ခြမ်းက စားနပ်ရိက္ခာ တွေ ဝယ်ပြီး နယ်စပ်ကနေ တစ်ဆင့်ပိုတဲ့ နေရာမှာ လုံခြုံရေးအရ ရိက္ခာတွေကို စစ်ဆေးတာကို ကျတော်တို့က လက်ခံ နိုင်ပါတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင် ဘက်က တစ်ယောက်ကို တစ်ကီလို ရိက္ခာထုတ်လေးတွေ ခွဲထုတ်ခိုင်းလို့ အချိန်နဲ့ လူအင်အားပိုလိုအပ်နေတယ်။ ကျတော်တို့မှာရှိတဲ့ စစ်ရှောင် စခန်းတွေက တစ်ယောက်ချင်းစီ တစ်မိသားစုချင်းစီ ချက်စားနေတာလည်း မဟုတ်ဘူး။ ဒီထုတ်အသေးလေးတွေ ခွဲထုတ်ပြီး စစ်ရှောင်စခန်းကို ပို့ရင် ဟိုဘက်မှာလည်း ချက်တဲ့အခါ အထုတ်တွေ ပြန်ပေါင်းပြီး တစ်စခန်းလုံးစာ ချက်ရတာပဲ မလိုအပ်ပဲ ရိက္ခာတွေကို ဆန်အိတ်လိုက် ခေါက်ဆွဲခြောက် ဖာလိုက် ပေးမသွင်းပဲ တစ်ယောက်စာစီ ခွဲထုတ်ပြီးမှ ပေးသွင်းတော့ အလုပ်မတွင်ဘူးပေါ့ဗျာ ” ဟု ကိုအောင်အောင်က ပြောသည်။
လက်ရှိ မောတောင်ဒေသခံများ နေထိုင်နေသည့် စစ်ရှောင်စခန်းများတွင် ရေသန့်ရရှိရန် အခြေခံအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်း တာဝန်ခံ တစ်ဦးက ပြောသည်။
“ တောတွေထဲမှာ ဖြစ်သလို စခန်းလေးတွေဆောက်ပြီး နေရတာ ဆိုတော့ ရက်ပိုင်းဆို ပြဿနာ မရှိပေမယ့် ရက်ကြာလာရင် ရေသန့် မရနိုင်တာကြောင့် အူရောင်ငန်းဖျား ရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်မှာ စိုးရိမ်ရတယ်။ ဒီဒေသမှာက ဒီလို စစ်ပွဲ ကြီးကြီးမားမား မဖြစ်ဖူးဘူ။း ဒီလို စစ်ရှောင် အများကြီး ပထမဆုံး ပထမဆုံးကြုံဘူးတာပဲ” ဟု ၎င်းက ပြောသည်။
“ ကျတော်တို့အနေနဲ့ ထိုင်းဘက်ခြမ်းရေရှည် စစ်မရှောင်ချင်ဘူး။ လေယာဉ် အန္တရယ်ကြောင့်သာ ကိုယ့်အိမ်ကိုယ် မပြန်နိုင်သေးပဲ တောထဲက စခန်းတွေမှာဘဲ ပြန်ပြီး စစ်ရှောင် နေရတယ်။ ဒီလို အစားအစာတွေ၊ ရေတွေကို ပိုက်ဆံရှိတာတောင် လိုသ လောက် ဝယ်လို့မရရင်တော့ ထိုင်းဘက်အခြမ်း ဒါမှမဟုတ် “နပ်စပ်မှာ မည်သူမှ မထိန်းချုပ်နိုင်တဲ့ အလယ်နယ်မြေ (no man’s land)” မှာပဲ ပြန်သွားနေရမယ့် သဘောရှိတယ် “ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
လက်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရန် နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို KNU က လုပ်ဆောင်ပေးနေပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာ လိုသလောက်ဝယ်ယူ တင်သွင်းနိုင်ရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများဖြင့် ညှိနှိုင်းထားကြောင်း တနင်္သာရီမြို့နယ်၏ ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဌ ဖဒိုညာဝါး ကပြောသည်။
“ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေကို ထိုင်းဘက်ကနေသွင်းတဲ့ အခါ ပူးပေါင်းဆောင်ရွက်ပေးဖို့ ထိုင်းအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းထားတာ ရှိပါတယ်။ ကျတော်တို့ တနင်္လာနေ့တိုင်း ထိုင်းဘက်အခြမ်းကနေ စစ်ရှောင်တွေအတွက် ပြည်သူတွေကနေ လှူဒါန်းပြီး ပို့ဆောင်ပေးနေပါတယ်။ လူတစ်ဦးအတွက် တစ်ပတ်စာ ရိက္ခာ ၄ ကီလိုကနေ ၅ ကီလို အထိ သွင်းခွင့်ရှိပေမယ့် ဒီလိုမျိုး တစ်ကီလိုစာ အထုတ်သေးသေးလေးတွေ ခွဲထုတ်ပြီးမှ ပေးသွင်းတော့ အလုပ်မတွင်ဘူးပေါ့ဗျာ၊ ကျတော်အနေနဲ့ ဒီလို ကန့်သတ်မှု ကိုလည်း ပြန်လည်စဉ်းစားပေးဖို့ ထိုင်းဘက်ခြမ်းကို ပြောထားပါတယ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဆန်များကိုလည်း ကီလိုများဖြင့် တင်သွင်းခြင်းမပြုဘဲ အိတ်လိုက် တင်သွင်းနိုင်ရန် ထိုင်းနိုင်ငံတာဝန်ရှိသူများဖြင့် ညှိနှိုင်းထားပြီး လာမည့် တစ်ပတ်အထိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
