အသံတိတ်သပိတ်တွင် ပြည်သူများ ပါဝင်ကြရန် ရန်ကုန်မြို့လယ်ခေါင်၌ ပိုစတာထောင် လှုံ့ဆော်

ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်
ပုံစာ- ရန်ကုန်မြို့လယ်ခေါင်တွင် တွေ့ရသော လှုံ့ဆော်ပိုစတာ

အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မြို့ပြတိုက်ပွဲဝင် ရဲဘော်များက ရန်ကုန် မြို့လယ်ခေါင်၌ လှုံ့ဆော်ခဲ့ကြသည်။

ယနေ့(ဒီဇင်ဘာ၉ရက်)တွင် ရန်ကုန်မြို့လယ် ဆူးလေလူကူးခုံးတံတားအနီး၌ အတုအယောင်ရွေး ကောက်ပွဲကို ဆန့်ကျင်ကြောင်းနှင့် ဒီဇင်ဘာ၁၀ရက်နေ့ ကျင်းပမည့် အသံတိတ်သပိတ်(Silent Strike)တွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် သပိတ်တိုက်ပွဲဝင်ရဲဘော်များက လှုံ့ဆော် ပိုစတာထောင်ခဲ့ကြကြောင်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန်သည်။

“လုပ်တာကတော့ ကြော်ငြာဘုတ် ထောင်သွားတာပဲဆိုပေမဲ့ ရန်ကုန်မြို့ထဲမှာ စီစီတီဗီကင်မရာတွေ အနှံ့တပ်ထားတော့ အန္တရာယ်များတယ်။ပြီးတော့ အခုရွေးကောက်ပွဲနားနီးပြီဆိုတော့ ဆန္ဒပြတာတွေ ၊ ဖောက်ခွဲတာတွေ မဖြစ်အောင်ဆိုပြီး လုံခြုံရေးချထားတာများတယ်။အရပ်ဝတ်တွေနဲ့ဆိုတော့ သတိ ထားစေချင်တယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။

လှုံ့ဆော်ပိုစတာကို အမှိုက်ပုံးအားမီလျက် ထောင်ထားခဲ့ခြင်းဖြစ်ပြီး ယင်းအမှိုက်ပုံးသည် အတုအ ယောင်ရွေးကောက်ပွဲ၏ မဲပုံးများကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန် ထားသည်။

“အသံတိတ်သပိတ်လုပ်မယ့်အချိန်က မနက်၁၀နာရီမှ စမှာဆိုတော့ အရင်တုန်းကလို ဖြစ်ဦးမယ်လို့ ထင်တယ်။အခုကျမတို့ရုံးမှာ ၁၀ရက်နေ့ ရုံးမတက်မနေရဆိုပြီး စာတော့မထုတ်ဘူး။နှုတ်နဲ့မှာနေ တယ်။၁၀နာရီဆိုတော့ ရုံးတက်ပြီး အပြင်မထွက်ဘဲနေကြမယ်လေ။ကျမတို့က မစွန့်လွှတ်ရဲလို့ ဒင်းတို့(စစ်ကော်မရှင်)အောက်မှာ လုပ်နေရပေမဲ့ ကိုယ်တတ်နိုင်သလောက် အရင်ကလည်း လုပ်တယ်။နောင်လည်း လုပ်မှာပဲ”ဟု ရန်ကုန်မြို့တွင်းရှိ ရုံးအုပ်အဆင့်ရှိ ဌာနဆိုင်ရာ အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောသည်။

လူထုလွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင်ရုန်းကန်ရမည်ဖြစ်ပြီးအတုအယောင်ရွေး ကောက် ပွဲနှင့် ၎င်းအလွန်ကာလတွင်လည်း လူထု ပုန်ကန်အံတုမှုရှိမှသာ လွတ်မြောက်မှုအစစ်ကို ရနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုသည်။

အသံတိတ်သပိတ်တိုက်ပွဲကို ၂၀၂၁ခုနှစ်၊မတ်လ၂၄ရက်၊ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၁၀ရက်နှင့် ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီ၁ရက်တို့တွင် ဆင်နွှဲခဲ့ရာ အထူးအောင်မြင်ခဲ့ပြီး၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၁၀ရက်နှင့် ၂၀၂၂ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်တို့တွင် ကျင်းပသည့် အသံတိတ်သပိတ် ကို စစ်အုပ်စုဝင်တို့က နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖျက်ဆီးခဲ့သော်လည်း တစ်နိုင်ငံလုံးအနှံ့ တိတ်ဆိတ်ခဲ့သဖြင့် စစ်အာဏာရှင်တို့ ခြောက်ခြားခဲ့ကြသည်။