မွန်ပြည်နယ်၊ ချောင်းဆုံတွင် အိမ်ဆောက်ရန်ပြင်ဆင်နေသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က ကျပ်သိန်း ၁၀၀ အထိ ခြိမ်းခြောက်တောင်းရမ်းနေကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊ သက္ကော၊ ဘိုးနက်၊ ကတောင်စိန်၊ မုဒွန်း၊ ကညှော် စသည့်ကျေးရွာများတွင် အိမ်ဆောက်မည့်ပြည်သူများကို ဥယျာဉ်ခြံနှင့် ရော်ဘာခြံတို့၌ ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေမှူးဇော်နိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်မျိုးဝင်းတို့အဖွဲ့က တားဆီးကာ ကျပ်သိန်း ၁၀၀ အထိ တောင်းရမ်းနေကြောင်း ချောင်းဆုံ ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ကျနော်တို့ဆီမှာက ထိုင်းမှာ သွားအလုပ်လုပ်နေတဲ့သူတွေက ပွင့်လင်းရာသီဆို ဝယ်ထားတဲ့မြေတွေ မှာ အိမ်ဆောက်လေ့ရှိတယ်။အခု သိန်း ၁၀၀ ကျော် တောင်းနေတော့ တော်တော်များများက မဆောက်ရဲဘူးဖြစ် နေတယ်။ တချို့ကျတော့ ရွေးကောက်ပွဲပြီးမှ ဆောက်ရင် ငွေအတောင်းအရမ်း လျော့သွားမလားပေါ့။ဒါပေမဲ့၊ကြံ့ဖွံ့ပဲ တက်မှာဆိုတော့ အမတ်တွေကိုပါ ပိုက်ဆံထပ်ပေးနေရဦးမယ် လို့ မှန်းတဲ့သူက မှန်းကြတယ်”ဟု ၎င်းက MPA သို့ပြောသည်။
မျိုးဝင်းမှာ ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဖြစ်ပြီး ချောင်းဆုံမြို့နယ် ကြံ့ဖွံ့ ပြည်သူ့လွှတ်တော် အမတ်လောင်းလည်းဖြစ်ကာ မင်းအောင်လှိုင်ခန့်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ တပည့်လည်း ဖြစ်သည်။
“မျိုးဝင်းက အမတ်ဖြစ်ရင် နေပြည်တော်မှာပဲ အချိန်သွားကုန်မှာ။ ဂွင်လည်း ပိတ်ပြီဆိုတော့ အခု အမတ်လောင်းဘဝနဲ့တောင် ရသလောက် အိတ်ထဲထည့်နေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ချောင်းဆုံတစ်မြို့နယ်လုံးတွင် ဂရန်အမည်ပေါက်မြေမှာ ၁၀ ရာခိုင်နှုန်းခန့်ပင်ရှိပြီး ကျန်ရာခိုင်နှုန်း ၉၀ မှာ ဥယျာဉ်ခြံမြေနှင့် လယ်မြေတို့ဖြစ်သည်။
၂၀၂၃ ခုနှစ် ပွင့်လင်းရာသီမှစတင်ကာ အိမ်ဆောက်သူများကို စတင်ငွေညှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် အတွင်း အိမ်အကြီး၊အသေးအလိုက် ကျပ်သိန်း ၃၀ မှ သိန်း ၅၀အထိ တောင်းရမ်းခဲ့ကြကာ ယခုနှစ်၌ သိန်း ၁၀၀ အထိ တောင်းရမ်းလာခြင်းဖြစ်သည်။
“ဇော်နိုင်ဝင်းဆိုတာက မွန်ပြည်နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးတွေထဲမှာ လာဘ်စားအကြမ်းဆုံးပဲ။ ဘာလို့ မပြုတ်တဲ့အပြင် ချောင်းဆုံမှာပဲ မြဲနေရတာလဲဆိုတော့ ဝန်ကြီးချုပ်ကိုလည်း လစဉ်လိုင်း ကြေးပေးတယ်။တစ်နှစ်တစ်ခါ နေပြည်တော်တက်ပြီး ထွေအုပ်ညွှန်ချုပ်ကို သိန်း ၁၀၀၀ လောက်အထိ သွားကန်တော့တယ်လို့ သူတို့ကြားကပဲ သတင်းထွက်တယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီး စပ်သူတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်မှစတင်ကာ ချောင်းဆုံမြို့နယ်အတွင်းရှိ ရော်ဘာခြံပိုင်ရှင်များက ခြံကွက်ရိုက် ပိုင်းရောင်း ခြင်းများ ပြုလုပ်လာကြပြီး ယခုနှစ်အတွင်း ယင်းသို့ ခြံကွက်ရိုက်ရောင်းလိုပါက ဇော်နိုင်ဝင်းနှင့်မျိုး ဝင်း ထံသို့ ကျပ်သိန်း ၂၀၀ လာဘ်ထိုးရကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ဆိုသည်။
