သင်္ဃန်းကျွန်းနှင့်တောင်ဒဂုံတွင် အသံတိတ်သပိတ်အချိန်အတွင်း ပိတ်ထားသောဆိုင်ခန်းများကို စစ်အုပ်စု ငွေညှစ်

အသံတိတ်သပိတ် တိုက်ပွဲဝင်အချိန်အတွင်း ဆိုင်ပိတ်ထားသည်ဟုဆိုကာ သင်္ဃန်းကျွန်းနှင့် တောင်ဒဂုံအတွင်းရှိ ဆိုင်ခန်းများကို စစ်အုပ်စုဝင်တို့ ငွေညှစ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ၁၀ရက်၊ည၁၀နာရီခွဲခန့်တွင် ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ဦးစံဖေရပ်ကွက်ထဲရှိ ဆိုင်ခန်း ၁၅ခန်းမှ ဆိုင်ရှင်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ကာ အသံတိတ်သပိတ်အချိန်၌ ဆိုင်ပိတ်ထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်၃သိန်း ခြိမ်းခြောက်တောင်း ရမ်းခဲ့ကြောင်း Rangoon Scout Network – RSN ထံက သိရသည်။

“အဲနေ့မှာ နေ့တစ်ပိုင်းပိတ်တာတွေ၊ တစ်နေကုန်ပိတ်တာတွေ လုပ်လို့ဆိုပြီး တောင်းတာတဲ့ဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။

အသံတိတ်သပိတ် ကျင်းပနေချိန်၌ ဦးစံဖေရပ်ကွက်အတွင်း ပိတ်ထားသည့်ဆိုင်ခန်းများကို ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံမှတ်သားထားပြီး ငွေညှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ၁၀ရက်ညက အုပ်ကြီးနှင့် ပျူစောထီးတို့က ဆိုင်ရှင်များကို ရပ်ကွက်ရုံးသို့ ခေါ်ဆောင် စဉ် ရုံးအနီး၌ DCစစ်ကား၂စီး ရှိနေကြောင်း RSN က ထုတ်ပြန်သည်။

ဒီဇင်ဘာ၁၀ရက်ညနေပိုင်းကလည်း တောင်ဒဂုံမြို့နယ်၊၅၄ရပ်ကွက်အတွင်း တုတ်၊ဓား ကိုင်ဆောင်ထား သည့် အရပ်ဝတ်များက နေ့တစ်ပိုင်းပိတ်သည့်ဆိုင်များကို ကျပ်၅သောင်းနှင့် တစ်နေကုန်ပိတ်သည့် ဆိုင်များကို ကျပ်တစ်သိန်း လိုက်တောင်းနေကြောင်း RSN တာဝန်ရှိသူက ဆိုသည်။

ဒီဇင်ဘာ၁၀ရက်၊နံနက်၁၀နာရီမှ မွန်းလွဲ၃နာရီအထိ အသံတိတ်တိုက်ပွဲဆင်နွှဲခဲ့ရာ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့သည်။

စာတည်း-ML