NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းကို PDF များက ဖမ်းဆီးသတ်ဖြတ်ခဲ့ဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီ တွင် NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းကို အချင်းချင်း လက်စဖျောက်သည့်အနေဖြင့် PDF များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ PDF များက ဦးကွန်မင်းကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ် လိုက်ပြီဖြစ်ကြောင်း၊ အချင်းချင်း ဖမ်းဆီးသတ်ဖြတ်ပြီး စစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းအမှားလွှင့်ခြင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါ အကြောင်းအရာကို “ကိုနှင်းမောင်၊ နောင်ရိုးဟစ်တိုင်” တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူ ဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/RTRzb
ကိုနှင်းမောင် – https://archive.ph/v4dqm
နောင်ရိုးဟစ်တိုင် – https://archive.ph/BhwtP
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်း” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “ MFP, MPA, မျက်မှောက်ခေတ်” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
MFP တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းသည် စစ်ကိုင်း တိုင်း၊ မြို့နယ်တစ်ခုကနေ တောင်ပိုင်းကို ခရီးထွက်သွားရာကနေ အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း၊ ဦးကွန်မင်းနှင့်အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ထိန်းချုပ်နယ်မြေထဲ တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုက ဖမ်းဆီးထားသည့် သတင်းများလည်း ထွက်ပေါ်နေ ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/TlUu
MPA တွင် NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းသည် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဒေသတွင် တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသဖြင့် တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း၊ဦးကွန်မင်းသည် ရှမ်းမြောက်နှင့် ရှမ်းတောင်နယ်စပ်ရှိ PNO စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း၊ ဦးကွန်မင်းသည် မြေပြင်တပ်ရင်းတပ်ဖွဲ့များ၊ NUG ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား အဓိက ပေါင်းကူးပေးနေသူဖြစ်ကြောင်း၊ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/3f9Uk
မျက်မှောက်ခေတ် တွင် NUG ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းကို ရှမ်းတောင် PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း၊ ဦးကွန်မင်းသည် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာသို့ အသွား ရှမ်းတောင် PNO ၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/2tJ5f
သုံးသပ်ချက်
သတင်းမီဒီယာများတွင် NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းသည် PNO ထိန်းချုပ်နယ်မြေအတွင်း ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။ PNO က ဖမ်းဆီးထားဟုဆိုသည့် သတင်းများလည်း ထွက်ပေါ် နေသည်။ ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပေါ်နေသည့် ဦးကွန်မင်းကို NUG က ရာထူးကနေ ယာယီရပ်ဆိုင်းထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “NUG ပြည်ထဲရေးအတွင်း ဝန် ဦးကွန်မင်းကို PDF များက ဖမ်းဆီးသတ်ဖြတ်” ဆိုသည့် အကြောင်းအရာသည် လုပ်ကြံဖန်တီးထား သော သတင်းအတုဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းအချိန်ထိ ရှာဖွေတွေ့ရှိ ထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်း ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
