ဗုံးကြဲခံရသဖြင့် မင်းကင်း PDF ၁၇၀ကျော် သေဆုံးဟု စစ်လော်ဘီများ သတင်းအတုဖြန့်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်းရှိ ကျောင်းသားတော်လှန်ရေးတပ်စခန်း (Student’s Revolution Force) ဗုံးကြဲခံရသဖြင့် PDF ၁၇၀ကျော် သေဆုံးဟု လိမ်လည်ဖြန့်ဝေထားသည့် သတင်းအတုများ ပျံ့နှံ့လျက်ရှိသည်။

စစ်တပ်လော်ဘီ “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းတွင် “မင်းကင်းPDF ကင်(၁၇၀)ကျော် 8.12.2025နေ့ကစစ်ကိုင်းတိုင်း မင်းကင်းမြိုနယ်ထန်းပင်ချောင်၊ ပျဉ်တော၊ အင်ပင်လှ၊ နနွင်း ချောင်း၊ PDFလူငယ်လေ့ကျင့်ရေးသင်တန်းကျောင်း(Student’s Revolution Force)နှင့်ချောင်းဦး၊ မုံရွာမြိုနယ် အစပ်တစ်ကြောPDFဆက်ကြေးကောက်ဂိတ်များ၊ထောက်ပိုPDFရွာများအားလေကြောင်းတိုက်ခိုက်သုတ်သင်ထားရာတွင် PDFသေဆုံး(၆၅)ကောင်။ တိုပြတ်ဖွါဒဏ်ရာရ စုစုပေါင်းPDF(၁၇၀)ကျော်။ အထိရှိလာပြီ ဟု မြေ ပြင် သတင်းအရသိရ” ဟု (မူရင်းရေသားချက်) သေဆုံးရုပ်အလောင်းဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။

အဆိုပါ ဖြန့်ဝေမှုအား အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေခဲ့ကြသည်။

သတင်းအတုလင့်ခ်များ

နေပြည်တော် – https://archive.is/Iv1qe
Snow Queen – https://archive.is/7xTGS

စစ်တပ်‌လော်ဘီများ ဖြန့်ဝေထားသော သတင်းကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာ ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတု ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “စစ်ကိုင်းတိုင်း မင်းကင်းမြို့ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ DVB, Mandalay Free Press- MFP, MNO သတင်းမီဒီယာတို့က သတင်းဖြစ်စဉ် အပြည့်အစုံ ဖော်ပြထားကြသည်။

သတင်းများတွင် မင်းကင်းမြို့နယ် ထန်းပင်ချောင်၊ ပျဥ်တော၊ အင်ပင်လှရွာ အနီးတဝိုက်ကို ဒီဇင်ဘာ ၈ရက် နေ့လယ်၌ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ် လေးစင်း၊ စက်တပ်လေထီး နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင် သေဆုံးသူ အနည်းဆုံး ၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း ဒေသခံများကို မေးမြန်း၍ သတင်းဖော်ပြထားသည်။

ထို့အပြင် စစ်တပ်သည် ကျောင်းသားတော်လှန်ရေးတပ်စခန်း (Student’s Revolution Force) နေရာအပြင် အနီးဝင်းကျင်ရှိ ပြည်သူများနေထိုင်ရာပေါ်သို ဗုံးကြဲချခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် ၁၀ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

DVB – https://bitly.cx/3Inul
MFP – https://bitly.cx/FguLf
MNO – https://bitly.cx/hrWsu

သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ စစ်တပ်ဗုံးကြဲမှုကြောင့် PDF ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက “PDF ၁၇၀ကျော် သေဆုံး” ဟု ဖြန့်ဝေထားခြင်းသည် ဖြစ်စဉ်အမှန် ကို လိမ်လည်လှည့်ဖြားထားသော သတင်းအတုဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza