ပဲခူးတိုင်း၊ တောင်ငူလေတပ်အတွင်း ရှော့တိုက်ဒုံး ထိမှန်ကာ ဗုံးသီး သိုလှောင်ရုံ ပေါက်ကွဲမှု ပြင်းထန်ခဲ့ပြီး စစ်သား ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၉ရက်၊ ည ၉နာရီ ၉နာရီ ၅၅ မိနစ်ခန့်က တောင်ငူလေတပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၆လုံးပစ်သွင်းနိုင်ခဲ့ရာ လေယာဉ်ခဲယမ်း နှင့် တန်ဆာ သိုလှောင်ရုံ ထိမှန်ခဲ့ကာ ယင်း သိုလှောင်ရုံအနီး လုံခြုံရေး တာဝန်ယူထားသည့် စစ်သား၆ ဦး သေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ယနေ့ ( ဒီဇင်ဘာ ၁၁ရက် ) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
” ခုနောက်ပိုင်းအသုံးများတဲ့ ပေါင် ၁၅၀၊ ပေါင် ၂၀၀၊ ပေါင် ၃၀၀ ဗုံးသီးဂိုထောင်ပေါ် ကျတာပါ။ ပေါက်ကွဲမှု ပြင်းထန်လို့ နာရီဝက်ကျော်ကြာ အနားကပ်မရဘူးလို့ သိရပါတယ်။ ဖြစ်တဲ့ညနဲ့ နောက်နေ့ နေ့ခင်းဘက်အထိ ကြိုကြားကြိုကြား ပေါက်ကွဲမှုတွေရှိတယ်။ ၁၀ရက်နေ့ ည ၁၀နာရီနဲ့ ၁၁နာရီကြားမှာ အဲဒီဂိုထောင်နဲ့ ပတ်ဝန်းကျင်ဂိုထောင်တွေက အကင်းမသေတဲ့ ယမ်းတွေ ၄ကြိမ် ထပေါက်တယ်။ ထပေါက်တဲ့အသံတွေကို တောင်ငူမြို့ထဲက အထိ ကြားရတယ် ” ဟု BWM အဖွဲ့ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းနှင့် ယင်းလေတပ်ရှိ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို အပြင်ထွက်ခွင့်ပိတ်ထားကာ လိုင်းခန်းများ၌ ဖုန်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း ၎င်းကပြောသည်။
” ရည်ရွယ်ထားတဲ့ပစ်မှတ်က ဆီလှောင်ကန်ဖြစ်ပေမဲ့
ထိမှန်မှုကြောင်း ကြားရခြင်းတော့ မရှိသေးဘူး။ တခြားအပျက်အစီးတွေပဲ ရှိတဲ့အတွက် နောက်တကြိမ်မှာ ပိုမိုထိရောက်အောင်ကြိုးစားရပါဦးမယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် လေတပ်အတွင်း ပျက်စီးရုံသာမက ဆင့်ပွားပျက်စီးမှုများ ရှိသည့်အတွက် ထိရောက်မှုရှိသည့် မစ်ရှင်ဖြစ်ကြောင်း BWM က ဆိုသည်။
တိုက်ခိုက်မှုအပြီး နောက်ရက်မှစ၍ တောင်ငူနှင့် ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေကြောင်း သိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
