မွန်ဝန်ကြီးချုပ်ဖွင့်ထားသော လောင်းကစားဝိုင်းကိစ္စ ပါတီများ မေးခွန်းမထုတ်ရဲကြ

တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းကို ကြောက်ကြသဖြင့် ဒေသတွင်း လောင်းက စားဝိုင်းများ ဖွင့်လှစ်ထားမှုအပေါ် မည်သည့်ပါတီမှ မေးခွန်းမထုတ်ရဲကြကြောင်း သိရသည်။

စစ်ကော်မရှင် အလုံးစုံအာဏာသက်ရောက်မှုရှိသော မော်လမြိုင်၊ချောင်းဆုံနှင့်ကျိုက်မရောတို့တွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းနေခြင်းကို မွန်ဝန်ကြီးချုပ်နှင့်အပေါင်းအပါတစ်စုက လိုင်းကြေး ယူကာ တရားဝင်ခွင့်ပြုထားခြင်းဖြစ်ပြီး တရားမဝင်ရွေးကောက်ပွဲဝင်မည့် ပါတီများ ယင်းကိစ္စအပေါ် အသံမထွက်ရဲကြကြောင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။

“မြဝတီတို့ ဘုရားသုံးဆူတို့လို နယ်စပ်မြို့မှာတောင် မြို့ပေါ်က ကားလမ်းဘေးတွေမှာ လောင်းကစား ဝိုင်းမရှိဘူး။မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မှာ ရှိတယ်။အခု ပါတီတွေ မဲဆွယ်နေတာ လောင်း ကစားဝိုင်းကိစ္စ တစ်ခွန်းမဟရဲဘူး။လွှတ်တော်အမတ်ဖြစ်ရင် လောင်းကစားဝိုင်းကင်းအောင်လုပ်မယ် လို့တောင် မပြောရဲကြဘူး။အောင်ကြည်သိန်း ရန်ရှာမှာ ကြောက်ကြတာကိုး”ဟု ၎င်းက MPAသို့ပြော သည်။

ဒေသခံပြည်သူတို့အကျိုး ထမ်းပိုးကြမည်ဟုဆိုကာ မဲဆွယ်နေကြသော အမတ်လောင်းများသည် ၎င်း တို့မျက်စိရှေ့၌ ဒေသခံတို့၏ စီးပွားရေးနှင့် စာရိတ္တရေးရာ ဖျက်ဆီးခံနေရသည့်အပြင် မွန်ပြည်နယ်၏ ယဉ်ကျေးမှုအလှကိုပါ အကျည်းတန်စေသော လောင်းကစားဝိုင်းများအား မမြင်ချင်ယောင်ဆောင်နေ ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“မကြာသေးဘူး၊မွန်ပါတီ(မွန်ညီညွတ်ရေးပါတီ)က တစ်ယောက်နဲ့တွေ့လို့ ပြောမိသေးတယ်။ ကြံ့ဖွံ့က ပြည်သူကို ဒုက္ခပေးပြီး ရှာစားနေတာတွေကို မင်းတို့ ဘာလို့ မပြော တာလဲလို့ မေးလိုက် တယ်။သူကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောတယ်။သူတို့ မပြောရဲဘူးတဲ့”ဟု ချောင်းဆုံမြို့နယ်၊ ကလွီရွာသားတစ်ဦးက ပြောသည်။

မွန်ညီညွတ်ရေးပါတီခေါင်းဆောင်များသည် မွန်ပြည်နယ်သားများ ဖြစ်ကြသော်လည်း မွန်ဝန်ကြီးချုပ်ကို ကြောက်ကြသဖြင့် ဒေသခံပြည် သူတို့၏ ဒုက္ခကို မသိချင်ယောင်ဆောင်နေ ကြကြောင်း ၎င်းက ဆိုသည်။

လက်ရှိမွန်ဝန်ကြီးချုပ်အောင်ကြည်သိန်းသည် မွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး မွန်ပြည်နယ်အတွင်း ရှိ ရပ်ကျေးအုပ်ချုပ်ရေး၌ ကြံ့ဖွံ့ပါတီဝင်များ ခန့်အပ်ထားသည်။

အောင်ကြည်သိန်းသည် တရားမဝင်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (FPTP)မှ ဝင်အရွေးခံမည်ဖြစ်သည်။

၂၀၂၂ခုနှစ်ကုန်ပိုင်းကတည်းက ချောင်းဆုံမြို့နယ်အတွင်း စတင်ခဲ့သော ဇာတ်ပွဲသွင်းပြီး လောင်းကစားဝိုင်း ခင်းခြင်းသည် ၂၀၂၄ခုနှစ် ပွင့်လင်းရာသီတွင် မော်လမြိုင်မြို့ပေါ်သို့ ရောက်ရှိခဲ့ပြီး ယနေ့အချိန်ထိ မော်လမြိုင်မြို့၌ ပြုလုပ်လျက်ရှိသည်။

ကျိုက်မရောမြို့အဝင် ဂေါက်ကွင်းတွင်လည်း လောင်းကစားဝိုင်းများ ပြုလုပ်လျက်ရှိသည်။

စာတည်း-ML