အာဏာသိမ်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆ၂၀ ကျော် ထိုးဆင်း

စစ်တပ် အာဏာသိမ်းထားသည့် ၅ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆ ၂၀ ကျော်ထိုးဆင်းသွားကြောင်း NUG အစိုးရ၊ ပြည်ထောင်စု‌ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၁ ရက်) ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်(Press Briefing)၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ ယုံကြည်မှုကင်းမဲ့လာတာနဲ့အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းသွားကြပါတယ်။ ဒါကြောင့် ၂၀၁၉-၂၀၂၀ ပြည်သူ့အစိုးရ လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ဒဿမ၈၇ ဘီလီယံရှိခဲ့တဲ့ အခြေအနေကနေ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၉လအတွင်းမှာ ဒေါ်လာ ၂၄၈ သန်းအထိ အဆပေါင်း ၂၀ ကျော်ထိုးဆင်းသွားပြီး စီးပွားရေးအဖတ်မဆယ်နိုင်အောင် ဖြစ်နေပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် စစ်အုပ်စုသည် ပြည်သူလူထုသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ဆိုးဝါးစွာ ထိခိုက်စေနိုင်သည့် မြစ်ဆုံစီမံကိန်း ပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်နေပြီး ဘယ်လာရုစ်နိုင်ငံနှင့် MOIs ၊ MOUs လက်မှတ်များရေးထိုးကာ အကျိုးအမြတ်ရရှိရန် ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုဟာ အလွန်ဆိုးဝါးတဲ့ စီမံကိန်းတွေကနေတစ်ဆင့် ဝင်ငွေရှာဖွေပြီးတော့ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ သူတို့ရဲ့ လက်နက် ၊နည်းပညာ ၊ အင်အားတွေဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတာသာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ‌ပြောသည်။

ယင်းစီမံကိန်းများကြောင့် အနာဂတ်တွင် မြန်မာနိုင်ငံသာမက ဒေသတွင်း နိုင်ငံများအတွက်ပါ အလွန်ကြီးမား ဆိုးဝါးသည့် သက်ရောက်မှုများ ဖြစ်လာနိုင်သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂေဟစနစ်ကို ထိခိုက်စေနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် Global issue အဖြစ် သတ်မှတ်ကာ ဝိုင်းဝန်းထိန်းကျောင်းပေးနိုင်ရန်လည်း ဆိုသည်။

စာတည်း-ML