တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ ၃၀၀၀ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နံနက် ၁၀ နာရီခန့်မှစတင်၍ လောင်းလုံးမြို့အနီးရှိ ညင်းမော်ကျေးရွာနှင့် စစ်ပြဲကျေးရွာအနီးတွင် လောင်းလုံးမြို့မှ ထွက်လာသည့် စစ်သားများနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Democracy Movement Strike Committee – Dawei ထံက သိရသည်။
“တိုက်ပွဲကတော့ ဒီမနက်ဖြစ်နေတာနော်။ ဒီမနက်ဖြစ်တာဆိုတော့ ဖြစ်တာနဲ့ သူတို့က ထွက်ပြေးကြတာ။ အရင်ကတည်းက ရှောင်နေကြတာမျိုးရှိတယ်။ ဒါပေမဲ့၊ အများစုကတော့ နေအိမ်မှာပဲ အခုမနက် တိုက်ပွဲဖြစ်မှ ရှောင်ကြတာမျိုးရှိတယ်။ အဲ့ဒီရွာ၂ရွာပေါင်းရင် လူဦးရေက ၃၀၀၀ အထက်မှာရှိတယ်။အခုရှောင်ကြတာလည်း ၂၀၀၀ နဲ့ ၃၀၀၀ ကြားရှိလိမ့်မယ်”ဟု Democracy Movement Strike Committee – Dawei မှ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နံနက် ၁၁ နာရီကျော်တွင် စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ညင်းမော်ရွာ စာသင်ကျောင်းအနီးရှိ အိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိသေးကြောင်း ၎င်းက ဆိုသည်။
“ညင်းမော်တို့ စစ်ပြဲတို့ဆိုတာက လောင်းလုံးမြို့နဲ့ ကပ်လျက်ပေါ့နော်။ လောင်းလုံးမြို့ရဲ့ တောင် ဘက်ခြမ်းမှာရှိတာ။ လောင်းလုံးမြို့မှာရှိတဲ့ စစ်သားတွေက ရွာတွေကို ခဏခဏ စစ်ကြောင်းထိုး နေကျ။ အရင်ကလည်း စစ်ကြောင်း ခဏခဏထိုးတာရှိတယ်။ အခုရက်ပိုင်းအတွင်းမှာပဲပေါ့နော်။ ဒီမနက်ကတော့ သူတို့ စစ်ကြောင်းထိုးပြီး ပြန်အထွက်မှာ ဒီဘက်က တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းတွင် အင်အား ၅၀ နှင့် ၁၀၀ ကြားပါရှိပြီးယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိဘဲ ငြိမ်နေကြောင်း သိရသည်။
လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း ၊ ထွေအုပ်ရုံး ၊ လဝက ရုံးနှင့် စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့)ရုံးတို့တွင် စစ်သားအင်အား ၃၀၀ ဝန်းကျင် အထိုင်ချထားကြောင်း သိရသည်။
ညင်းမော်ရွာနှင့် စစ်ပြဲရွာသည်လောင်းလုံးမြို့နှင့် ၂ မိုင်ကျော်သာဝေးသည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်ပြီး တော်လှန်ရေးတပ်များက သတင်းထုတ်ပြန်ခြင်း မရှိ သေးပေ။
စာတည်း-ML
