အသံတိတ်သပိတ်၌ လူထု ပါဝင်ကြောင်းကို ဓာတ်ပုံ သက်သေများ ရှိသော်လည်း ပြည်သူ့ပါတီ အမတ်လောင်းဖြစ်သူ ဦးစိုင်းသန်းထိုက်က မယုံကြည် ဖြစ်နေကာ သပိတ်မအောင်မြင်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ဦးစိုင်းသန်းထိုက်သည် ပြည်ကြီးတံခွန်မြို့နယ်မှ အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပြည်သူ့ပါတီ၏ တိုင်းဒေသကြီး အမတ်လောင်း ဖြစ်သည်။
၄င်းသည် ယမန်နေ့က အသံတိတ်သပိတ်ကို ပါဝင်ခြင်း မပြုဘဲ မန္တလေးမြို့အတွင်း လျှောက်သွားနေခဲ့ပြီး အသံတိတ်သပိတ်ကို မအောင်မြင်ဟု ရေးသားပြောဆိုနေခြင်း ဖြစ်သည်။
“တိတ်စေချင်သူတွေက လူရှင်းတဲ့နေရာ ရွေးရိုက်ပြီး တိတ်နေကြတာပဲ၊ မတိတ်စေချင်သူတွေကလဲ လူစည်တဲ့နေရာရွေးရိုက်ပြီး စည်နေကြတာပဲ” ဟု ဦးစိုင်းသန်းထိုက်က ရေးသားထားသည်။
ထို့ပြင် ” ကျတော်က မန္တလေး တစ်မြို့လုံးပတ်သွားနေတော့။ ပုံမှန်ထက် နဲနဲ လျော့တယ် လို့ပဲ မြင်ပါတယ်။ သွားမြဲ၊ လာမြဲ၊ စားမြဲ၊ သောက်မြဲရောင်းဝယ်ဖောက်ကားမပျက်ကြပါဘူး ” ဟုလည်း ၄င်းက ရေးသားထားပြန်သည်။
ယမန်နေ့က အသံတိတ် သပိတ်အား မန္တလေးမြို့၊ ရန်ကုန်မြို့ တို့ကဲ့သို့ မြို့ကြီးများ အပါအဝင် လူထု၏ ပါဝင်မှု အားကောင်းခဲ့သဖြင့် လမ်းမများ တိတ်ဆိတ်ခြောက်ကပ် သွားခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများကို ကြည့်၍ သိရသည်။
ပြည်သူ့ပါတီ အမတ်လောင်းကမူ အဆိုပါ အခြေအနေအား မယုံကြည်နိုင်ဖြစ်နေရာ ၄င်းအား ပြည်သူတစ်ဦးက စစ်တပ်အာဏာသိမ်းမှု ဖိနှိပ်မှုများကို မပြောဆိုရဲခြင်းကြောင့် ယင်းသို့ ပြောဆိုနေခြင်းဟု ဝေဖန်သည်။
” ဒီလူတွေရဲ့ ပြဿနာပဲဗျ။ဘာပြသာနာလဲဆို ဇာစ်မြစ်ကဘာလဲဆိုတာ မပြောရဲတဲ့ပြသာနာ ” ဟု ရန်ကုန်မြို့နေ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ပြောသည်။
အလားတူ မဲဆောက်မြို့၌ တိမ်းရှောင်နေထိုင်နေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း လူထုကို ဖိနှိပ်နေသည့် စစ်တပ်ကို မပြောရဲခြင်းအတွက် အရှက်တရား ရှိနိုင်ပါစေဟု ပြောသည်။
“စစ်တပ်ကို မလွန်ဆန်ရဲတော့ ပြည်သူ့ရဲ့ဆန္ဒကို လျစ်လျူရူ့ ပြည်သူကိုပြန်စော်ကားတဲ့သူတွေအတွက် သုံးစရာစကားကတော့ မင်းတို့ကောင်တွေ အရှက်ရှိပါစေလို့ပဲ ပြောချင်တော့တယ်” ဟု အဆိုပါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ပြောသည်။
အာဏာသိမ်း စစ်တပ်၏ ဖိနှိပ်မှုများအား အကျယ်လောင်ဆုံးသော ဆန့်ကျင်သံအဖြစ် လူထုသည် ယမန်နေ့က အသံတိတ်သပိတ်၌ ညီညွတ်စွာ ပါဝင်ခဲ့ကြောင်း သိရသည်။
” ဆယ်နာရီထိုးတာနဲ့ ကြက်သားသည် ဝက်သားသည် စျေးသည်တွေ အကုန်ပိတ်တာ ဘာမှကို မရှိတော့တာ” ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ၎င်း မြင်တွေ့ခဲ့ရသည်ကို ပြောသည်။
သို့သော် ယမန်နေ့တွင် အလင်းခေတ်ကို ဆောင်ကြဥ်းမည်ဟု ကြွေးကြော်ကာ အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီဝင်များမှာမူ အသံတိတ်သပိတ်၌ ပါဝင်ခဲ့ကြခြင်း မရှိပေ။
ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးသည် ယမန်နေ့က ဟင်္သာတမြို့၌ မဲဆွယ်ဟောပြောပွဲ ပြုလုပ်ခဲ့သကဲ့သို့ ၄င်း၏ အမတ်လောင်းများကလည်း အသံတိတ်သပိတ် အောင်မြင်မှုကို မယုံကြည်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
