ထိုင်းလွှတ်တော်ကို ဖျက်သိမ်းကြောင်းထုတ်ပြန်၊ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုဆို

ထိုင်းနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း၊ နိုင်ငံရေးပဋိပက္ခနှင့် ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုများကြား တိုင်းပြည်ကို ထိရောက်စွာ ဆက်လက်အုပ်ချုပ်နိုင်စွမ်း မရှိတော့ကြောင်း ဝန်ကြီးချုပ် အနူထင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ဝန်ခံခဲ့ပြီးနောက်၊ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း တော်ဝင်အမိန့်ပြန်တမ်းကို တရားဝင် ထုတ်ပြန်လိုက်သည်။

အမိန့်ပြန်တမ်း၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလက စတင်ဖွဲ့စည်းခဲ့သော ဝန်ကြီးချုပ် အနူထင်၏ အစိုးရသည် လွှတ်တော်အတွင်း အမတ်နေရာ အများစုမရရှိထားသည့် လူနည်းစုအစိုးရဖြစ်ကြောင်း ဘုရင်မင်းမြတ်ထံ တင်ပြထားသည်ဟု ဖော်ပြထားသည်။

ဤအမိန့်သည် “၂၀၂၅ ခုနှစ် အောက်လွှတ်တော် ဖျက်သိမ်းခြင်းဆိုင်ရာ တော်ဝင်အမိန့်ပြန်တမ်း” ဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှစ၍ အကျုံးဝင်ကာ အထွေထွေရွေးကောက်ပွဲကို အမိန့်ပြန်တမ်းထုတ်ပြန်သည့်နေ့မှစ၍ ၄၅ ရက်ထက် မစောစေဘဲ ရက်ပေါင်း ၆၀ ထက် မနောက်ကျစေဘဲ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည့်ရက်တွင် ကျင်းပရမည်ဟုဆိုသည်။

အမိန့်ကို အကောင်အထည်ဖော်ရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို တာဝန်ပေးအပ်ထားပြီး ဝန်ကြီးချုပ် အနူထင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသည် စီးပွားရေးမရေရာမှုများ၊ လူမှုရေးတင်းမာမှုများ၊ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများ၊ နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲများနှင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် မငြိမ်သက်မှုများကို ရင်ဆိုင်နေရချိန် ဖြစ်သည်။

အစိုးရအနေဖြင့် တည်ငြိမ်မှုပြန်ရရန် နည်းလမ်းပေါင်းစုံ ကြိုးပမ်းခဲ့ကြောင်း၊ ယင်းတို့ထဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ကုန်သွယ်ရေးစစ်ပွဲဂယက်များကို ဖြေရှင်းရေး၊ စီးပွားရေးမြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊ အွန်လိုင်းလောင်းကစားနှင့် ဆိုက်ဘာမှုခင်းများ နှိမ်နင်းရေးအပြင် ကမ္ဘောဒီးယားနယ်စပ်ပြဿနာကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရေးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

သို့သော် ထိရောက်သော အုပ်ချုပ်မှုအတွက် တည်ငြိမ်မှုလိုအပ်ပြီး နိုင်ငံရေးဖိအားများအောက် ရောက်နေသည့် အစိုးရအနေဖြင့် ယင်းကို အာမမခံနိုင်ကြောင်း ဆိုထားသည်။

လက်ရှိအတိုင်းဆက်သွားပါက နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံတကာယုံကြည်မှု ကျဆင်းခြင်း၊ စီးပွားရေး ထိခိုက်ခြင်းနှင့် ဒီမိုကရေစီစနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပခြင်းသည် အကောင်းဆုံးထွက်ပေါက်ဖြစ်ပြီး ဆုံးဖြတ်ပိုင်ခွင့်အာဏာကို ပြည်သူများထံ အမြန်ဆုံးပြန်လည်ပေးအပ်ကာ လုပ်ပိုင်ခွင့်အပြည့်အဝရှိသည့် အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာစေမည်ဟု ဆိုထားသည်။