မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီအချို့ ပြည်သူများကို နေ့စားခပေးပြီး မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသော်လည်း လိုက်ပါသူ မရှိသလောက်ဖြစ်နေကြောင်း ပြည်သူအချို့က ပြောသည်။
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများသည် အစောပိုင်းကာလများတွင် အွန်လိုင်းမှတစ်ဆင့် မဲဆွယ်စည်းရုံးရေး အဓိက လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ပေါ်နေရာအချို့၌ မြေပြင်ဆင်း စည်းရုံမှုများ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ မဲဆွယ်စည်းရုံရာတွင် လက်ချိုးရေတွက်လို့ရသည့် ပါတီဝင်အနည်းငယ်ဖြင့် မဲဆွယ်နေသည့်အပေါ် ပြည်သူများ၏ လှောင်ပြောင်ခြင်း ခံရမှုများ ကြုံတွေ့လာရပြီးနောက် အရပ်သားပြည်သူများကို နေ့စားခပေးပြီး အင်အားဖြည့်တင်းကာ မဲဆွယ်ပွဲများ၌ လိုက်ပါခိုင်းခဲ့ကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ ပြောသည်။
“အရှေ့မှာတော့ ဘယ်လှောင်မလဲ ဖမ်းခံထိမှာပေါ့၊ ဒီလိုပဲ သူတို့ မဲဆွယ်တဲ့ ရပ်ကွက်တွေမှာ အရင်ကလာရင် လူနည်းတော့ စနောက်ကြတာများလို့ ထင်ပါတယ်၊ အဲဒါ ရပ်ကွက်ထဲက အလုပ်မရှိ၊ အဆင်မပြေတဲ့သူတွေကို ဦးတည်ပြီး ခေါ်တာပေါ့” ဟု ၎င်းက ပြောသည်။
မဲဆွယ်ပွဲတွင် လိုက်ပါသူများကို တစ်နေ့တာ စားသောက်ရေး၊ အင်္ကျီ၊ ဦးထုပ်၊ လုံချည်များ ပေးသည့်အပြင် နေ့စားခ တစ်ရက်လျှင် ငွေကျပ် ၁၀၀၀၀ ဝန်းကျင်မှ ၁၅၀၀၀ ကြားအထိ ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးပါတီအချို့က မက်လုံးပေးစည်းရုံးနေသော်လည်း ရပ်ကွက်ကျေးရွာအတွင်းရှိ ခိုးဆိုးလုယက်မှုနှင့် ပြန်လွတ် လာသူများ၊ အရက်သများမှလွဲပြီး ကျန်သူများ လိုက်ပါသူမရှိဖြစ်နေကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။
“မလိုက်ကြဘူး၊ သိတယ်ဟုတ်လား၊ ရွာထဲ မူးရှုးနေတဲ့သူတွေ ဟိုဇရပ်မှာအိပ် ဒီဇရပ်မှာအိပ်၊ အဲဒီလူတွေကပဲ သွားကြတာ၊ တချို့ကျတော့ ရှိတယ်၊ ပိုက်ဆံရရင်ပြီးရော ဘာမှ မသိတဲ့လူမျိုးတွေပေါ့၊ အဲဒါတွေတော့ သွားကြတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိလာပါက ပါတီဝိုင်းရံသူများအတွက် လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင် အခွင့်အလမ်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စည်းရုံပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့မှ နေ့စားခပေးပြီး မဲဆွယ်ရန် ခေါ်ယူနေကြောင်း MPA အဆက်အသွယ်ရရှိခဲ့သည့် ပြည်နယ်အတွင်းနေထိုင်သည့် ဒေသခံ ၅ ဦးထက်မနည်းက တညီတညွှတ်တည်းပြောဆိုကြသည်။
ယခုကဲ့သို့ နေ့စားခပေးပြီး မဲဆွယ်ရန် ခေါ်ယူရာတွင် ရပ်ကျေးပါတီခေါင်းဆောင်ပိုင်းများက စီစဉ်ဆောင်ရွက်နေကြပြီး အချို့ပါတီများကမူ ပါတီခေါင်းဆောင်ပိုင်းများကမူ မသိရှိရကြောင်း ဆိုသည်။
“တချို့ကျတော့ ရည်ရွယ်ချက်ရှိရှိပဲ ခေါင်းဆောင်ပိုင်းကိုယ်တိုင်က ညွှန်ကြားထားတာမျိုးရှိတယ်၊ ဥပမာ – ကြံ့ခိုင်ရေးပေါ့၊ တချို့ပါတီကျတော့ လူကြီးတွေလာရင် လူများအောင် ရပ်ကျေးပါတီခေါင်းဆောင်တွေက မျက်နှာရအောင်လုပ်ပြတာမျိုးပေါ့၊ ဟိုလူကို နေ့စားပေး၊ ဒီလူကို နေ့စားပေးပြီး ခေါ်ကြတာပေါ့” ဟု စစ်အုပ်စု ကျင်းပမည့်ရွေးကောက်ပွဲကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
စစ်အုပ်စု၏ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရမည့်ရက်ကို အောက်တိုဘာ လ ၂၈ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ သတ်မှတ်ထားသည်။ အဆိုပါရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း တသီးပုဂ္ဂလကိုယ်စားလောင်းအပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ဝင်ပြိုင်မည်ဟု ဆိုသည်။
စာတည်း-ကိုဆန်း
