မြောက်ဦးဆေးရုံဗုံးကြဲသည့် အကြမ်းဖက်မှုကို ပြည်သူ့ပါတီ အမတ်လောင်း ဦးအေးဆက် ထောက်ခံ​​​မှုများ ပြုလုပ်နေ

အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မူများစွာထဲမှ တစ်ခုဖြစ်သည့် မြောက်ဦးဆေးရုံ ဗုံးကြဲမှု ဖြစ်စဥ်အား ပြည်သူ့ပါတီ အမတ်လောင်း စစ်ဗိုလ်ဟောင်း ဦးအေးဆက်က အာဏာသိမ်း စစ်တပ် အလိုကျ ထောက်ခံသည့် လုပ်ရပ်များ ဆက်တိုက် ပြုလုပ်လျှက် ရှိနေကြောင်း ၄င်း၏ လူမှုကွန်ရက်တွင် မျှဝေထားမှုများ အရသိရသည်။

ဦးအေးဆက်သည် အာဏာသိမ်းစစ်တပ်တွင် ဗိုလ်ကြီးအဆင့်ထိ လုပ်ကိုင်ခဲ့သူဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲ၌ ပြည်သူ့ပါတီမှ နေ၍ တောင်ဒဂုံမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ပြိုင်မည့် သူ ဖြစ်သည်။

ဦးအေးဆက်သည် မြောက်ဦးဆေးရုံ ဗုံးကြဲခံရသည့် ဖြစ်စဥ်အား စစ်ရေးပစ်မှတ်ဖြစ်၍ အာဏာသိမ်း စစ်တပ်က ဗုံးကြဲရခြင်းဟူသည့် အကြောင်းများကို ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ မျှဝေနေခြင်း ဖြစ်သည်။

” မနေ့ညကရော ဒီနေ့ရော စစ်တပ် ထုတ်ပြန်ချက်တွေနဲ့ စစ်လော်ဘီတွေရဲ့ ဝါဒဖြန့်တာတွေကို သူ (ဦးအေးဆက်)share လုပ်နေတယ်။ ” ဟု အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေသည့် နိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောသည်။

ဦးအေးဆက်သည် အာဏာသိမ်း စစ်တပ်က အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးဟု ဆိုကာ မြောက်ဦးဆေးရုံအား အကြမ်းဖက် ဗုံးကြဲခဲ့ခြင်းအား လိမ်ညာသည့် သတင်းထုတ်ပြန်မှု နှစ်ခုကို မျှဝေထားသည်ကို တွေ့ရသည်။

” ဒီလောက် ယုတ်မာ ရိုင်းစိုင်းတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ဖုံးဖိတဲ့ သတင်းကို မျှဝေတာဟာ လူယုတ်မာတစ်ယောက် လို့ပဲ ပြောချင်ပါတယ်။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့မရပါဘူး။ စစ်တပ်ရဲ့ အပုပ်ဟာ လောက်တဖွားဖွားနဲ့ ပေါ်နေသလို့ အပုပ်နံ့တွေဟာ အေးဆက်လို လူယုတ်မာတွေစီ ကူးဆက်သွားမှာပါဘဲ” ဟု အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် ဒီဇင်ဘာ ၁၀ရက် ညပိုင်းက စစ်ရေးပစ်မှတ်မဟုတ်သည့် မြောက်ဦးဆေးရုံအား ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့သဖြင့် လူသုံးဆယ်ကျော် သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်မှုအား အာရက္ခတပ်တော်က ကျူးလွန်သူများကို လက်တုံ့ပြန်မည်ဟု ကြေညာထားပြီး နိုင်ငံတကာကလည်း အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှုကို အပြင်းထန်ဆုံး ရှုံ့ချမှုများ ပြုလုပ်လျက် ရှိနေသည်။

ထိုအချိန်တွင် အလင်းခေတ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော်နေသည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ အမတ်လောင်း ဦးအေးဆက်သည် အဆိုပါ အကြမ်းဖက်မှုအား ထောက်ခံနေခြင်းလည်း ဖြစ်သည်။

စာတည်း-ကိုဆန်း