လိပ်သိုမှ ပြန်ဆင်းလာသည့် စစ်ကြောင်းကို PDF ဖြတ်တိုက် ၊ စစ်သား ၉ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - Kenni Twilight Zone
ပုံစာ - တိုက်ပွဲဝင် Kenni Twilight Zone ရဲဘော်များ

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့မှ ပြန်ဆင်းလာသည့် စစ်ကြောင်းကို PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၂ ရက်၊ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် လိပ်သိုမြို့ဘက်မှ ပြန်ဆင်းလာသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တောင်ငူ-လိပ်သိုလမ်းပိုင်းပေါ်ရှိ ထုံးဘိုကြီးရွာအထွက်၌ ကမ်းနီးကြားဒေသကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၂၀ခန့်လည်း ဒဏ်ရာရ ခဲ့ကြောင်း Kenni Twilight Zone တပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၃ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

“တိုက်ပွဲ နာရီဝက်နီးပါးဖြစ်ခဲ့တယ်။ သေဆုံး စစ်သားတွေကို ပဒဲကိုမသယ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာ ပတ်ချာလည်မှာပဲမြှုပ်ထားကြတာ။ ကျည်ကုန်သွားလို့ လက်နက်မကောက်နိုင်ခဲ့ဘူး ဖြစ်သွားတယ်။ လက်နက်ကြီးက ထုံးဘိုကြီးစခန်းကလည်း ပစ်ပေးတယ်။ သူတို့ လူတွေထဲပဲကျတယ်”ဟု Kenni Twilight Zone တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း Kenni Twilight Zone တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ပေါင်နှင့် ဦးခေါင်းတွင် မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရ စစ်သား ၁၀ ဦးခန့်ကို ပဒဲကျေးရွာသို့ ပုခက်ဖြင့် သယ်ဆောင်သွားကာ နေ့လယ် ၁၂ နာရီဝန်းကျင်တွင်မူ ကျန်ဒဏ်ရာရ စစ်သားများအား တောင်ငူမြို့မှ လူနာတင်ယာဉ် ၄စီးဖြင့် လာသယ်သွားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီး သူ့လူနာတွေ ကောက်ပြီး ချက်ချင်း ပဒဲဘက်ထွက်သွားကြတယ်။ ပဒဲကိုသယ်သွား တဲ့လူနာတွေထဲမှာလည်း ရွာသား‌တွေပြောပုံအရဆိုရင် တချို့ဆိုသေဖို့များတယ်ပြောတယ်။ လူနာ တင်ယာဥ်နဲ့ကောင်တွေကတော့ တောင်ငူကို တင်သွားတာ။ လူနာတင်ယာဥ် တစ်စီးကို အများဆုံး နှစ်ဦးနှုန်းဆိုရင် သယ်သွားတာနဲ့ တင်သွားတာနဲ့ဆိုရင် ၁၉ ၊ ၂၀ နီးပါးပဲ။ ဘာလို့အတည်ပြုနိုင်လဲ ဆိုရင် တိုက်ပွဲက တစ်ဖက်နဲ့တစ်ဖွဲ့က ပေ ၂၀ ပတ်လည်ပဲဖြစ်တာကြောင့်ပါ”ဟု ၎င်းကဆက်လက် ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့(ဒီဇင်ဘာ ၁၃ ရက်)ညပိုင်းအထိ ပဒဲကျေးရွာတွင်သာ ဆက်ရှိနေ သေးကြောင်း သိရသည်။

ပဒဲကျေးရွာသည် တောင်ငူ-လိပ်သို လမ်းပိုင်း‌ ပေါ်ရှိ ထုံးဘိုကြီးကျေးရွာနှင့် ၅ မိုင်ကျော် ၊ တောင်ငူမြို့နှင့် ၁၆ မိုင်ခန့်ဝေးပြီး လူဦးရေ ၂၀၀၀ ကျော်ရှိကာ ယခုစစ်ကြောင်းကြောင့် လူဦးရေ ထက်ဝက်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဒီဇင်ဘာ ၁၀ ရက်တွင် တောင်ငူဘက်မှ လိပ်သိုဘက်သို့ တက်သွားပြီးနောက် ဒီဇင်ဘာ ၁၂ ရက်၌ ပြန်ဆင်းလာခြင်းဖြစ်သည်။
တောင်ငူ-လိပ်သို လမ်းပိုင်းသို့ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေသောကြောင့် ယင်းလမ်းပိုင်းအနီးနေ ပြည်သူများ သတိပြုနေထိုင်ကြရန်လည်း Kenni Twilight Zone တပ်ဖွဲ့က တိုက်တွန်းထားသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။