ထားဝယ်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအစုအဖွဲ့များအကြား သမိုင်းဝင် ခြေလှမ်းတစ်ရပ်အနေဖြင့် ထားဝယ်တော်လှန်ရေးတပ်ဖွဲ့များအားလုံးကို စုစည်းကာ တစ်ခုတည်းသော “ထားဝယ်တပ်” အဖြစ် စနစ်တကျ တည်ထောင်သွားမည်ဖြစ်ကြောင်း “ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ” (TNUPC) က ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) တွင် တရားဝင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ထားဝယ်လူထု၏ တော်လှန်ရေးဆန္ဒနှင့်အညီ ပြန့်ကြဲနေသည့် တော်လှန်ရေးတပ်များကို စုစည်းသွားမည်ဖြစ်ပြီး၊ ထားဝယ်အမျိုးသားနိုင်ငံရေး ဦးဆောင်မှုနှင့် အခြေခံမူများကို လက်ခံသဘောတူသည့် မည်သည့်တပ်ဖွဲ့ကိုမဆို ကြိုဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုဖွဲ့စည်းခဲ့သည့် TNUPCတွင် ထားဝယ်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများ ပါဝင်သည့် မျက်နှာစုံစည်အစည်းအဝေး ပြုလုပ်ပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထားဝယ်အမျိုးသားထု၏ ရှေ့ဆောင်လမ်းပြ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို သတ်မှတ်ကာလအတွင်း တည်ထောင်ရန် တာဝန်ယူထားကြောင်းသိရသည်။
“တစ်ခုတည်းသော ထားဝယ်တပ်ဖြစ်လာဖို့ ဆန္ဒသဘောထားရှိတဲ့ ထားဝယ်တော်လှန်ရေးတပ်ဖွဲ့တွေပေါင်းစည်းပြီး “ထားဝယ်တပ်” အဖြစ် စနစ်တကျ တည်ဆောက်သွားမှာ ဖြစ်တယ်။ ထားဝယ်အမျိုးသားနိုင်ငံရေး ဦးဆောင်မှုနဲ့ အခြေခံမူကို သဘောတူလက်ခံပြီး တစ်ခုတည်းသော “ထားဝယ်တပ်” တည်ဆောက်ရာမှာ ပါဝင်လိုတဲ့ တပ်ဖွဲ့တွေကိုလည်း ကြိုဆိုဖိတ်ခေါ် သွားမှာဖြစ်တယ်။ “ဟု TNUPC မှ မယ်ဆုက ဆိုသည်။
ကော်မတီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် သုံးရပ်ချမှတ်ထားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူမျိုးပေါင်းစုံ/ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ထားဝယ်အမျိုးသားအမှတ်လက္ခဏာနှင့် ဉာဏ်ပညာကို အခြေခံသော လူမှုစီးပွားစနစ် ထူထောင်ရေး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
” ထားဝယ်အမျိုးသား လွတ်မြောက်ရေးအတွက် အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိသလို ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားဖို့လည်း ရှိပါတယ်။ ထားဝယ်တွေ လွတ်မြောက်ဖို့ အတွက် ကြိုးပမ်းမှုနဲ့ တစ်ပြိုင်နက် တနင်္သာရီ လွတ်မြောက်ရေး အားဖြည့်မယ်။ တစ်နိုင်ငံလုံး လွတ်မြောက်ရေး အခြားလူမျိုးတွေနဲ့ အတူတူ ဝိုင်းတော်လှန်မယ်။ အခြားသော တိုင်းရင်းသားလူမျိုးစုများနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ဟာ ကျမတို့ ထားဝယ်တမျိုးသားလုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်တယ်။” ဟု (TNUPC) မှ မယ်ဆုက ဆိုသည်။
TNUPC အနေဖြင့် ထားဝယ်အမျိုးသားနိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန်အတွက် အာဏာရှင်စနစ်ကို တော်လှန်နေကြသော အခြားသော မဟာမိတ်အဖွဲ့အစည်းများနှင့်လည်း သွေးစည်းညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
“ယခုကြေညာချက်က ထားဝယ်ဒေသတွင်း တော်လှန်ရေးအရှိန်အဟုန်နဲ့ စစ်ရေး/နိုင်ငံရေး အခင်းအကျင်းအပေါ်ကို သက်ရောက်မှုရှိလာနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။”ဟု နိုင်ငံရေးလေလာသုံးသပ်သူတစ်ဦးက ပြောသည်။
ထားဝယ်တော်လှန်ရေး အဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ အရပ်ဖက်အဖွဲ့အစည်းများ သမဂ္ဂများနှင့်ထားဝယ်အရေး တက်ကြွလှုပ်ရှားသည့် တစ်သီးပုဂ္ဂလများပါဝင်သည့် နိုဝင်ဘာလ (၂၅)ရက်မှ (၂၇) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် တွေ့ဆုံ အစည်းအဝေးမှ TNUPC ကို ဖွဲ့စည်းကာတာဝန်ပေးအပ်ခဲ့သည်။
၂၀၂၅ နှစ်စ ကတည်းက ပြည်တွင်း ပြည်ပရှိ ထားဝယ်လူမျိုးများ အသီးသီးကြားတွင် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ထားဝယ် တစ်မျိုးသားလုံး၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်နိုင်ရန် ထားဝယ့်တာဝန်ကို ထားဝယ်များ ထမ်းဆောင်နိုင်ရန်အတွက် TNUPC ကို ဖွဲ့စည်းရခြင်းဖြစ်သည်။
” ထားဝယ်လူမျိုးတွေရဲ့ ပကတိအသံကို TNUPC က ဖော်ထုတ်နိုင်ပြီး တော်လှန်ရေးအရွေ့အပြောင်းမှာ တခြားသောလူမျိုးစုတွေနဲ့အတူတူနိုင်ငံရေးအရပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ” ဟု နိုင်ငံရေးကိုစိတ်ဝင်စားသည့် ထားဝယ်ဒေသခံတစ်ဦးကဆိုသည်။
“လှိုင်းတံပိုးကို ရင်ဆိုင်မည်၊ ကျော်ဖြတ်မည်။ ရသောပီတိကို အညီအမျှ ခွဲဝေမည်” ဟု ထုတ်ပြန်ချက်တွင် စိတ်ဓာတ်ခွန်အားဖြည့် စာသားများဖြင့် ဖော်ပြထားပြီး၊ အနာဂတ်မျိုးဆက်သစ်များအတွက် တူညီသော အခွင့်အရေးနှင့် တူညီသော အဆင့်အတန်းရှိသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်သွားမည်ဟု TNUPC ဆိုသည်။
စာတည်း-ကိုဆန်း
