ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ၃၃ဦး သေဆုံးမှုအပေါ် ပြည်တွင်း၌ သီတင်းသုံးနေကြသည့် သံဃာများက သူတို့နှင့်မဆိုင်သလို နေနေကြကြောင်း အရှင်ပညာဒီပ က မိန့်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်၊ည၉နာရီကျော်တွင် မြောက်ဦး မြို့ပေါ် ၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ၃ လသားအရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၃ ဦး သေဆုံးခဲ့ခြင်းအပေါ် ဩစတြေးလျ၌ သီတင်းသုံးနေသော ဆရာတော် အရှင်ပညာဒီပ က အထက် ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ဘုန်းကြီး ၅ သိန်း မြန်မာမှာရှိပေမယ့် လသားအရွယ်ကလေးအပါဝင် မိခင်နဲ့ လူနာတွေသေဆုံးတဲ့ ဆေးရုံဗုံးကြဲခံရတာ သူတို့နဲ့ မဆိုင်သလိုမျိုးပါပဲ”ဟု အရှင်ပညာဒီပက မိန့်သည်။
မြန်မာနိုင်ငံရှိ သံဃာများသည် အမှန်တရားကို မပြောဝံ့ကြကြောင်းလည်း ဆိုသည်။
“သူတို့လာဘ်လာဘ ထိခိုက်နိုင်တဲ့အရာမျိုးကို ရှောင်ကြတာပါ။လာဘ်လာဘ ရမယ့်ကိစ္စမျိုးဆိုရင် ပြည်သူကို သတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကိုလည်း ဘုရားဒကာ သို့မဟုတ် သာသနာပြုမင်းလို့ မြှောက်ပင့်ပြောကြတာပါပဲ”ဟု ဆရာတော်က ဆက်လက်မိန့်သည်။
မြောက်ဦးဆေးရုံတွင် AA နှင့် တော်လှန်ရေးတပ်များ စစ်စခန်းအဖြစ် သုံးနေသောကြောင့် ဗုံးကြဲခဲ့ ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က လိမ်ညာဝါဒဖြန့် ထုတ်ပြန်ပြီးနောက် AA က သေဆုံး၊ထိခိုက် ပြည်သူတို့၏ စာရင်းကို ကိုယ်ရေးအချက်အလက်များနှင့်တကွ အသေးစိတ်ထုတ်ပြန်လိုက်သည်။
ဆေးရုံဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ၃၃ဦးထဲတွင် အမျိုးသမီး ၁၇ဦး ပါဝင်ပြီး ဒဏ်ရာရ သူ ၇၇ဦးတွင် ၃၆ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
စာတည်း-ML
