မင်းအောင်လှိုင်က ဆိုရှယ်လစ်စနစ်ကို ကာကွယ်ပြီး လက်ရှိ ဖြစ်ပွားနေသည့် ကိစ္စရပ်များမှာ NLD ကြောင့်ဟု ထပ်မံအပြစ်တင်

စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့((ဒီဇင်ဘာ ၁၃ရက်)က ရန်ကုန်တိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးသမိုင်းကို ကိုးကား၍ လက်ရှိအာဏာသိမ်းရခြင်းနှင့် ပဋိပက္ခများ၏ အကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့ရာတွင် NLD အစိုးရကို အဓိက ပစ်မှတ်ထားကာ အပြစ်တင်ခဲ့သည်။

မင်းအောင်လှိုင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ် (မဆလ) နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရာတွင် အားကောင်းသည့် အချက်များရှိကြောင်း ၊ ၎င်းက ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပွားရခြင်းမှာ “စနစ်၏ အားနည်းချက်ဆိုသည်ထက် လက်တွေ့အကောင်အထည်ဖော်မှု အားနည်းချက်ကြောင့်” ဖြစ်သည်ဟု ဖာထေးပြောကြားခဲ့သည်။

ထို့ပြင် ထိုစဉ်က စီမံကိန်းစီးပွားရေးကြောင့် ထွက်ပေါက်ပိတ်ဆို့သွားသူများ၊ တစ်ပါတီစနစ်ကြောင့် မကျေနပ်သူများရှိခဲ့ပြီး၊ စီးပွားရေးထိခိုက်မှုများကြောင့် ၁၉၈၈ အရေးအခင်း ဖြစ်ပေါ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် NLD အစိုးရလက်ထက် (၂၀၁၅-၂၀၂၀) ကို ဝေဖန်ရာတွင် NLD တွင် စီမံခန့်ခွဲမှု အတွေ့အကြုံအားနည်းခြင်း၊ ပြည်ပထောက်ခံမှုများဖြင့်သာ စီးပွားရေး လည်ပတ်နေပြီး ပြည်တွင်းထုတ်လုပ်မှုကို အားမပေးခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသား အကြံပေးများ၏ ဩဇာခံယူခဲ့ခြင်း တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့သည်ဟု မင်းအောင်လှိုင်က စွပ်စွဲသည်။

ထို့ကြောင့် NLD က ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် “စိုးရိမ်ပူပန်မှု” ဖြစ်ပေါ်ခဲ့ပြီး “မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်” ဟု မင်းအောင်လှိုင်က ပြောခဲ့သ့ည့်အပြင် အာဏာသိမ်းရခြင်းမှာလည်း NLD က မဲစာရင်းကွဲလွဲမှုကို ဖြေရှင်းရန် ပျက်ကွက်ခြင်းအပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို “အဓမ္မရယူရန်” ကြိုးပမ်းခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူခဲ့ရခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ရပ်ကို တရားဝင်မှု ပေးသည့် စကားလုံးများ ပြောကြားခဲ့သည်။

” ဆိုရှယ်လစ်စနစ်ကြီး ပျက်သွားတာဟာ စီမံခန့်ခွဲသူတွေရဲ့ အားနည်းချက်တစ်ခုတည်းကြောင့်ပဲ လို့ မင်းအောင်လှိုင်က ပုံဖော်လိုက်တဲ့အခါ၊ ဒါက ဘာကိုပြနေလဲဆိုတော့… သူဟာ ဗဟိုဦးစီးစနစ် ကို တကယ်တမ်း စိတ်ထဲမှာ လိုလားနေတယ်ဆိုတာ ထင်ဟပ်နေပါတယ်။ ပြောချင်တာက၊ ဆိုရှယ်လစ်ရဲ့ မူဘောင်ကို သူက တန်ဖိုးထားဆဲပါ။ ဒါကြောင့် နိုင်ငံကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲမယ့် ပုံစံမျိုး ကို တည်ဆောက်ချင်နေတာပဲ ဖြစ်တယ်လို့ သုံးသပ်လို့ရတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

ထို့ပြင် မင်းအောင်လှိုင်ပြောကြားခဲ့သည့် စကားလုံးများတွင် NLD အစိုးရ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးအားနည်းချက်များ ကို အဓိက အပြစ်တင်ခဲ့ခြင်းမှာ လက်ရှိနိုင်ငံတော် တည်ငြိမ်မှုမရှိခြင်းနှင့် စီးပွားရေးကျဆင်းမှုတို့သည် စစ်ကောင်စီ၏ တာဝန်မဟုတ်ဘဲ ယခင်အစိုးရကြောင့် ဖြစ်သည် ဟူသည့် ဝါဒဖြန့်ချိရေး မူဝါဒကို တပ်မတော်သားများနှင့် မိသားစုများအကြား ခိုင်မာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေး သိပ္ပံလေ့လာနေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ် အာဏာသိမ်းလို့ နိုင်ငံတကာက ပိတ်ဆို့လိုက်တော့ တိုင်းပြည်စီးပွားရေးက ဟိုးအောက်ကို ရောက်သွားတယ်။ အဲ့ဒီအပေါ်မှာ စစ်တပ်က စီမံခန့်ခွဲမှု ကောင်းကောင်းမလုပ်တတ်တော့ ပြည်သူတွေပိုပြီးကျပ်တည်းလာတယ်။ အဓိက ပြသနာက စစ်အာဏာသိမ်းလို့ ဖြစ်တာကို သူက တာဝန်မခံခြင်ဘူး အဲ့ဒီတော့ ပြဿနာတွေကို အာရုံလွှဲဖို့ NLD ကို အပြစ်ပုံချတာပဲ” ဟု ၎င်းက ပြောသည်။

ထို့ပြင် မင်းအောင်လှိုင်က ၈၈ အရေးအခင်းတွင် ‘မလွှဲသာမရှောင်သာ တာဝန်ယူရခြင်း’၊ ၂၀၁၀ တွင် ‘ဒီမိုကရေစီလမ်းပေါ် တင်ပေးခဲ့ခြင်း’ နှင့် ၂၀၂၁ ခုနှစ်တွင် ‘ဖွဲ့စည်းပုံနှင့်အညီ တာဝန်ယူရခြင်း’ ဟူသော ဇာတ်လမ်းဆင်မှုသည် တပ်မတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်ပြောင်းလဲတိုင်းတွင် နိုင်ငံတော်ကို ကယ်တင်စောင့်ရှောက်သူ အနေအထားဖြင့် ပါဝင်ခဲ့ရသည် ဟူသော သမိုင်းပုံရိပ်ကို တပ်တွင်းနှင့် ထောက်ခံသူများအကြား ခိုင်မာအောင် တည်ဆောက်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း-ကိုဆန်း