အတုအယောင်ရွေးကောက်ပွဲပြီးပါက မင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဟု ဇော်မင်းထွန်း အရိပ်အမြွက်ပြော

အကြမ်းဖက် စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရန်ကုန်တွင် ကျင်းပသည့် ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌၊ မင်းအောင်လှိုင်သည် လာမည့် အတုအယောင်ရွေးကောက်ပွဲအပြီးတွင် သမ္မတ ရာထူးကို ရယူရန် ဖြစ်နိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

ဇော်မင်းထွန်း၏ ပြောဆိုချက်အရ မင်းအောင်လှိုင်သည် ၂၀၁၄ ခုနှစ် မီဒီယာများနှင့် အင်တာဗျူးပြုလုပ်စဉ်ကပင် သူ့တွင် နိုင်ငံတော်အတွက် အသုံးချနိုင်မည့် အတွေ့အကြုံများစွာရှိကြောင်း ပြောဆိုခဲ့ဖူးကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စား လှယ်များက မဲပေးရွေးချယ်လာပါက သမ္မတ မလုပ်ဖူးဟု ငြင်းဆန်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဇော်မင်းထွန်းက သမ္မတ ရွေးချယ်တင်မြှောက်ခြင်း ကိစ္စရပ်များကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဟု အလေးထား ပြောကြားခဲ့သည်။

“သမ္မတ ရွေးချယ်မှုတွေကတော့ တစ်ဦးချင်းအနေနဲ့ နိုင်ငံတော်သမ္မတကို လုပ်ချင်ပါတယ်လည်း ပြောလို့မရဘူး။ မလုပ်ချင်ပါဘူးလို့လည်း ပြောလို့မရဘူး။ ဒါ သူ့ဥပဒေအတိုင်းပဲ… သမ္မတ ရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်လိုက်ပြီးတော့မှ သူက အဆင့်ဆင့် မဲပေးရွေးချယ်ရတာဖြစ်တယ်။ မဲပေးပြီး ဖြစ်လာရင်တော့လည်း သမ္မတ လုပ်နိုင်ပါတယ်။ ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်” ဟု ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုသည်။

ယင်းပြောကြားချက်သည် စစ်တပ်က ဦးဆောင်မည့် ရွေးကောက်ပွဲအပြီးတွင် စစ်တပ်မှ အမတ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အမတ်များ ပူးပေါင်း၍ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်သည့် နေပြည်တော် စစ်ဘက်အသိုင်းအဝိုင်းမှ သုံးသပ်ချက်များကို အားဖြည့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

“စစ်ခေါင်းဆောင်တွေက နိုင်ငံရေး အာဏာကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူး။ စစ်တပ် ဩဇာ လွှမ်းမိုးမှုအောက်ကနေ အရပ်သားအသွင်ပြောင်း အစိုးရကိုသာ ထူထောင်လိုတာကို ရှင်းလင်းစွာ ပြလို်ကတာပဲ၊ မတရားရေးထားတဲ့ ခြေဥမှာလဲ စစ်တပ်က လွှတ်တော်ရဲ့ ၂၅ရာခိုင်နှုန်းကို အလိုအလျောက်ရရှိထားပြီးဖြစ်တယ်။ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ပူးပေါင်းထားတာဆိုတော့ သမ္မတ ရာထူးကို မင်းအောင်လှိုင်က အလွယ်တကူ ရပြီးသားလေ” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

လာမည့် မတ်လအကုန်တွင် အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း မင်းအောင်လှိုင်က ပြီးခဲ့သည့် ရက်ပိုင်းက ပြောဆိုထားပြီးနောက် ယနေ့တွင် ဇော်မင်းထွန်းက မင်းအောင်လှိုင် သမ္မတလုပ်မည်ဟု ပြောကြားချက်များသည် လက်ရှိ စစ်ကော်မရှင်၏ အုပ်ချုပ်မှုမှ ရွေးကောက်ခံ အစိုးရအသွင် သို့ ပြောင်းလဲကာ ပြည်ပ ပိတ်ဆို့မှုများမှ ရုန်းထွက်ရန် ကြိုးစားခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ထို့ပြင် ဇော်မင်းထွန်းက လာမည့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာ၏ သဘောထားကို လုံးဝ ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် လုပ်တာ။ မြန်မာနိုင်ငံသားတွေအတွက် လုပ်တာ။ နိုင်ငံတကာအတွက် လုပ်တာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အစိုးရပေးဖို့ လုပ်တာ။ အင်တာနေရှင်နယ်က ကျေနပ်တာ မကျေနပ်တာ အရေးမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် စစ်တပ်က အတင်းအကျပ် မဲပေးခိုင်းခြင်း၊ ထောက်ခံခိုင်းခြင်းများ မရှိကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့သည်။

“အခု မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာ မဟုတ်ဘူး။ စစ်တပ်က အတင်းအကျပ် မလုပ်ခိုင်းဘူးလို့ဆိုပေမဲ့ မဲပေးတဲ့နေ့မှာ ပြည်သူတွေရဲ့ လုံခြုံရေး အာမခံချက် မရှိဘူး။ သူတို့တွေက ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်ပြီး အာဏာကို ဆက်ယူမှာ ၊ အမည်ခံ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကို ဆက်အသက်သွင်းမှာဆိုတော့ အခြေအနေကို ဆက်စောင့်ကြည့်ရမယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က မကြာသေးမီက ထုတ်ဖော်ပြောကြားထားသည်မှာ စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်များ ခေါ်ယူအပြီး မတ်လအကုန်တွင် အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ဆိုထားသည်။

စာတည်း-ကိုဆန်း