အပြာရောင်အဝိုင်းပါသည့် အဆိပ်ပြင်းရေဘဝဲကို စားသုံးမိပါက ဖြေဆေးမရှိဘဲ သေဆုံးနိုင်သဖြင့် သတိထားကြရန်လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။
အဆိုပါရေဘဝဲကို ကျက်အောင် ချက်ပြုတ်သော်လည်း အဆိပ်ဓာတ်ပြယ်ခြင်းမရှိသည့်အပြင် စားသုံးမိပါက အာရုံကြောစနစ်များအပါအဝင် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့ဘဲ သေဆုံးရန် ၁၀၀ရာခိုင်နှုန်း သေချာကြောင်း သိရသည်။
” ပုံမှန်ရေဘဝဲမှာ အပြာရောင်အဝိုင်းလေးတွေ မပါရှိပါဘူး၊ တချို့အကောင်တွေမှာတော့ နှစ်ကွင်းလောက်ပါတတ်ကြပါတယ်၊ ဒါဟာပုံမှန်ပါပဲ၊ Blue ringed Octopus မှာ တစ်ကိုယ်လုံးအနှံ့ အပြာရောင်အကွင်းပေါင်းများစွာ ပါရှိပါတယ်။ ပုံမှန်ရေဘဝဲထက်ကို ထူခြားတဲ့ပုံရှိပါနေတာ သိသာပါတယ်၊ အခုခေတ်မှာလူကြီးလူငယ်မရွေး ပင်လယ်စာကိုကြိုက်နှစ်သက်သူများပါတယ်၊ ဟော့ပေါ့ဆိုင်တွေ၊ ကုန်တိုက်တွေ၊ ရပ်ကွက်ဈေးတွေမှာ ဝယ်ယူစားသုံးကြတဲ့အခါ သတိထားပြီးဝယ်ယူ စားသုံးကြဖို့ အကြံပေးသတိပေးပါရစေ ” ဟု Native Species Conversation & Identification (NSCI)အဖွဲ့က ဆိုသည်။
အပြာရောင်အဝိုင်းပါသည့် အဆိပ်ပြင်းရေဘဝဲ(Blue ringed Octopus)များသည် လက်ရှိမှတ်တမ်းများအရ Haplochlaena lunulata၊H.maculosa၊ H.fasciata၊ H.nierstraszi စသည့် မျိုးစိတ်လေးမျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် Haplochlaena lunulata မျိုးစိတ်ကို တွေ့ရပြီး ခန္ဓာကိုယ်အရွယ်အစားသည် ၃စင်တီမီတာမှ ၆စင်တီမီတာ၊ လက်တံသည် ၇စင်တီမှ ၁၀စင်တီမီတာ ရှိကြောင်းလည်း သိရသည်။
” အဲဒီမျိုးစိတ်တွေက သူတို့ကိုယ်တိုင် အဆိပ်ထုတ်တာ မဟုတ်ဘူး၊ သူတို့ခန္ဓာကိုယ်မှာရှိတဲ့ ဘတ်တီးရီးယားတွေက အဆိပ်ထုတ်တာ၊ ရေဘဝဲက ဘတ်တီးရီးယားတွေကို ခန္ဓာကိုယ်မှာ နေစရာ ပေးတယ်၊ ဘတ်တီးရီးယားတွေက ရေဘဝဲကို ရန်သူတွေရဲ့အန္တရာယ်ကို အဆိပ်နဲ့ကာကွယ်ပေးတယ်၊ အပြန်လှန် အကျိုးပြုပြီး ယှဉ်တွဲနေထိုင်ရင်း အဆိပ်ကိုလက်ခံနိုင်တဲ့ မျိုးစိတ်တွေဖြစ်သွားတာပါ၊ တခြားရေဘဝဲမျိုးစိတ် တွေမှာတော့ အဲဒီလို အခြေအနေ မရှိပါဘူး ” ဟု တောရိုင်းတိရစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။
အဆိုပါရေဘဝဲတွင်ပါရှိသည့် Tetrodotoxin – TTX အဆိပ်သည် ဆိုက်ယာနိုက် (Cyanide) ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး ၎င်းအဆိပ်သင့်ပါက အရွယ်ရောက်ပြီးလူတစ်ဦးပင် နာရီပိုင်းအတွင်း သေစေနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
” တခြားရေဘဝဲထက်စာရင်တော့ အရွယ်အစားပိုသေးတာရယ်၊ အပြာရောင်ကွင်းတွေက အများကြီးပါတာ ထူးခြားတယ်၊ ရေဘဝဲဆိုတိုင်း အကုန်လုံးက စားလို့မရဘူးဆိုတာ သတိထားရမယ်၊ ရေဘဝဲမျိုးစိတ်က အများကြီးရှိပေမယ့် တကယ် စားလို့ရတာကတော့ အနည်းငယ်ပဲ ရှိတယ် ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
ကမ္ဘာပေါ်တွင် ရေဘဝဲမျိုးစိတ် ပေါင်း ၃၀၀ခန့်ရှိသည့်အနက် ရေဘဝဲအများစုသည် အဆိပ်အနည်းငယ်စီရှိကြသော်လည်း အပြာရောင်အဝိုင်းပါသည့် အဆိပ်ပြင်းရေဘဝဲမျိုးစိတ်(Blue ringed Octopus )များသည် အပြင်းထန်ဆုံးသော အဆိပ်များရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် Blue ringed Octopusများကို တွေ့ရှိရသော်လည်း တွေ့ရှိမှတ်တမ်းများမှာ အလွန်နည်းပါးနေပြီး ရံဖန်ရံခါ ဖမ်းမိခြင်းများမှသာ တွေ့ရှိရနေသေးကြောင်း NSCI အဖွဲ့ထံမှ သိရသည်။
စာတည်း-ကိုဆန်း
