တော်လှန်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရ၊ ကုလမျက်နှာစာမှ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုဆို

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး
ပုံစာ-သံအမတ်ကြီးနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ ကုလအစည်းအဝေးတက်ရောက်နေစဉ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ တာဝန်များအတိုင်း ဆက်လက်ခန့်အပ်ကြောင်း သိရသည်။

အကြိမ်၈၀မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၆၁ကြိမ်မြောက် မျက်နှာစုံညီအစည်း အဝေးကို ဒီဇင်ဘာ၁၂ရက်၊နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ များ၏ ကိုယ်စားလှယ်ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံက အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှား၊ ဆီနီဂေါ၊ ထရီနီဒက်နှင့် တိုဘာဂိုနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြင့် ဖွဲ့စည်းခန့်အပ်ထားသည့် အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံပါဝင်သော အရည်အချင်းစစ် ကော်မတီ (Credentials Committee) ၏ အစီရင်ခံစာအား မဲမခွဲဘဲ တူညီဆန္ဒ ဖြင့် အတည်ပြု ချမှတ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ယနေ့(ဒီဇင်ဘာ၁၆ရက်) သတင်းထုတ်ပြန်သည်။

“ကုလသမဂ္ဂမှာ စစ်တပ်က ၅ကြိမ်မြောက် ငြင်းပယ်ခံရခြင်းပါပဲ။၂၀၂၁ကစပြီး NUGအစိုးရနဲ့ စစ်အုပ်စု ကိုယ်စားလှယ်အပြိုင်တင်သွင်းရာမှာ ကုလသမဂ္ဂမှာ စစ်အုပ်စုကိုယ်စားပြုခွင့်ကို ဆက် တိုက် ပယ်ချခံရတယ်။မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့အသံ ကုလမှာ ဆက်လက် ကိုယ်စားပြုခွင့်ရနေတာပေါ့။မြန်မာပြည်သူတွေရဲ့အသံ ကုလမှာ ဆက်လက်ထုတ်လွှင့်နိုင်တာပေါ့” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

အရည်အချင်းစစ်ကော်မတီ၏ အစီရင်ခံစာ၌ ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် တင်သွင်းမှု ၂ မျိုး လက်ခံ ရရှိထားသဖြင့် ရွေးချယ်ခန့်အပ်မှုအတွက် စဉ်းစားဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားမည်ဟု အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်ကို ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ၎င်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခင်နှစ်များနည်းတူ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီ နှင့် ပင်မကော်မတီ အစည်းအဝေးများ၊ ကုလသမဂ္ဂ ပင်မအဖွဲ့အစည်းများ၏ အစည်းအဝေးများနှင့် အခြား ဆက်စပ်အစည်းအဝေးများကို ဆက်လက် ပါဝင် တက်ရောက် ဆွေးနွေးလျက်ရှိသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကုလသမဂ္ဂမျက်နှာစာမှတစ်ဆင့် နိုင်ငံတကာသို့ အသိပေးတင်ပြပြောကြားကာ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင်စနစ်နှင့် တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်း ကြုတ်မှုများ မရပ်မနား ကျူးလွန်လျက်ရှိသော တရားခံ စစ်အုပ်စုနှင့် ၎င်း၏အပေါင်းအပါများအား နိုင်ငံတကာ တရားစီရင်မှု များဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရေးတို့အတွက် အရေးယူဆောင် ရွက်မှုများရှိလာစေရန် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က သတင်းထုတ်ပြန်သည်။

စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ကုလသမဂ္ဂက နှစ်စဉ်ရွေးချယ်ခဲ့သော ကိုယ်စားလှယ်ရွေးချယ်ရေးဆိုင်ရာ အရည်အချင်းစစ် ကော်မတီသည် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက် ထားရှိခဲ့သည်။