ရုရှား ရေငုပ်သင်္ဘောကို ရေအောက်ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းထုတ်ပြန်

ဓာတ်ပုံ- Security Service Of Ukraine
ပုံစာ - ရုရှားနိုင်ငံ၊ ကရက်စ်နိုဒါ ဒေသ၊ နိုဗိုရော့စစ်ခ်ရှိ ဆိပ်ကမ်း အဆောက်အအုံတစ်ခုရှိ ရုရှားရေငုပ်သင်္ဘောကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်း လုံခြုံရေးဌာနက ထုတ်ပြန်ထားသော ဗီဒီယို

ပင်လယ်နက်ရှိ ရုရှားရေတပ်အခြေစိုက်စခန်း၌ ဆိုက်ကပ်ထားသော ရုရှား၏ ဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်းကို ရေအောက်ပင်လယ်ဒရုန်းများ အသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ယူကရိန်းက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားက တိုက်ခိုက်မှုကြောင့် မည်သည့် ပျက်စီးမှုမျှ မရှိခဲ့ကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။

ရုရှားက ၎င်း၏ ရေတပ်သင်္ဘောအများအပြားကို လုံခြုံစေရန်ထားရှိသည့် နိုဗိုရော့စစ်ခ် (Novorossiysk) ဆိပ်ကမ်းရှိ ရေငုပ်သင်္ဘောကို “Sub Sea Baby” ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း လုံခြုံရေးဌာန(SBU) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SBU မှ ထုတ်ပြန်သော ဗီဒီယိုဖိုင်တွင် ရေငုပ်သင်္ဘောတစ်စင်းနှင့် အခြားသင်္ဘောများ ဆိုက်ကပ်ထားသည့် ဆိပ်ခံတံတားအနီး ရေထဲမှ အားကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပုံကို ပြသထားသည်။

ရိုက်တာသတင်းဌာနကလည်း ဆိပ်ကမ်း၏ ပုံစံအပြင်အဆင်နှင့် ဆိပ်ခံတံတားများကို အသုံးပြု၍ ဗီဒီယို၏ တည်နေရာကို အတည်ပြုခဲ့သည်။

သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အလက်ဇန်းဒါး ကာမီရှင်းက ရေအောက်ဒရုန်းတစ်ခုက ရေငုပ်သင်္ဘောကို အသုံးမပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း X တွင် ရေးသားခဲ့သော်လည်း ရုရှား၏ ပင်လယ်နက် ရေတပ်စုက နာရီအနည်းငယ်အကြာတွင် ယင်းပြောဆိုချက်ကို လုံးဝငြင်းဆိုခဲ့သည်။

ရုရှားရေတပ်၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် သတင်းအေဂျင်စီများ၏ ဖော်ပြချက်တွင် “နိုဗိုရော့စစ်ခ် ရေတပ်အခြေစိုက်စခန်း၏ ပင်လယ်အော်တွင် တပ်စွဲထားသော ပင်လယ်နက် ရေတပ်စု၏ မည်သည့် သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောများ၊ ၎င်းတို့၏ အမှုထမ်းများပါ ပျက်စီးမှုမရှိဘဲ ဖျက်ဆီးရေး လုပ်ရပ်ကြောင့် အကျိုးသက်ရောက်မှုမရှိဘဲ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေသည်” ဟု ပါရှိသည်။

ရေတပ်သင်္ဘော လုံးဝနီးပါး မကျန်ရှိတော့သည့် ယူကရိန်းသည် ရေအောက်ဒရုန်းများနှင့် ဒုံးကျည်များကို အသုံးပြု၍ ရုရှား၏ ကြီးမားသော ပင်လယ်နက် ရေတပ်စုကို ၎င်းတို့သိမ်းပိုက်ထားသည့် ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ဆီဗတ်စတိုပိုလ် (Sevastopol) ဆိပ်ကမ်းမှ မောင်းထုတ်နိုင်ခဲ့သည်။

ယခုတိုက်ခိုက်လိုက်သည့် ဒီဇယ်နှင့်လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောသည် ရုရှားနိုင်ငံ တောင်ပိုင်း နိုဗိုရော့စစ်ခ်သို့ ခရိုင်းမီးယားမှ ရွှေ့ပြောင်းရန် အတင်းအကျပ် ခိုင်းစေခဲ့ရသော သင်္ဘောများစွာထဲမှ တစ်စင်းဖြစ်ကြောင်း SBU က ထုတ်ပြန်ထားသည်။

အဆိုပါ ရေငုပ်သင်္ဘောသည် Kalibr အမျိုးအစား ခရုစ်ဒုံးကျည် အနည်းဆုံး လေးစင်းကို သယ်ဆောင်နိုင်စွမ်းရှိပြီး ၎င်းတို့သည် မကြာသေးမီလများအတွင်း ယူကရိန်း၏ ဓာတ်အားပေးစနစ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သော ရုရှား၏ ကြီးမားသည့် တိုက်ခိုက်မှုများတွင် အသုံးပြုသည့် အဓိက လက်နက်များထဲမှ တစ်ခုဖြစ်သည်။