နိုင်ငံရေးအရ ခိုင်မာကျစ်လစ်သော တော်လှန်ရေးတပ်ပေါင်းစုတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင် ထုတ်ပြန်ကြေထားသည်။
ယခုကဲ့သို့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မေလမှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့ဖြင့် စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ နိုဝင်ဘာလ ပထမပတ်တွင် အဖွဲ့ (၁၄) ဖွဲ့ဖြင့် ဘုံသဘောတူညီချက်များ ရရှိသည်အထိ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
” ကွပ်ကဲမှုအရ NUG အောက်မှာတော့မတည်ရှိပါဘူး။ ဒါပေမယ့်လည်း ချိတ်ဆက်ဆောင်ရွက်မှုအားကောင်းကောင်းနဲ့ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ NUG နဲ့ဆွေးနွေးမှုတွေရှိထားပြီးဖြစ်တဲ့အတွက်မြေပြင်မှာလဲ အားကောင်းတဲ့ပူးပေါင်းဆောက်ရွက်မှုတွေဆက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ” ဟုSRA ပြောဆိုခွင့်ရ ကိုမင်းဟန်ထက်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၃ရက်အထိ လွတ်မြောက်နယ်မြေတစ်နေရာ၌ တပ်ပေါင်းစုဖွဲ့စည်းနိုင်ရန် ညီလာခံတစ်ရပ် ကျင်းပခဲ့ပြီးနောက် အဖွဲ့ဝင် ၁၉ဖွဲ့ပါဝင်သည့် SRA ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
တပ်ပေါင်းစုဖွဲ့ရန် ညီလာခံကျင်းပသည့်အချိန်နှင့် ညီလာခံမကျင်းပမီအချိန်များတွင် NUG နှင့်တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန်လည်းရှိကြောင်း ကိုမင်းဟန်ထက်က ဆက်လက်ပြောသည်။
” ဒီလိုအားကောင်းတဲ့အဖွဲ့တွေ စုစုစည်းစည်းနဲ့ အခုလိုတပ်ပေါင်းစုပုံစံအဖြစ် မြင်လာရတာတော်လှန်ရေးမှာစစ်ရေးအရ အရွေ့တစ်ခုဖြစ်လာနိုင်တော့မယ်လို့ထင်ပါတယ်။ လူထုကလည်း ဒီလိုတပ်ပေါင်းစုတွေကိုအားပေးတာကူညီထောက်ပံ့တာမျိုးပိုမိုပြုလုပ်သင့်ပါတယ် ” ဟု အညာဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ညီလာခံအတွင်း တပ်ပေါင်းစု၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် တော်လှန်ရေးကတိကဝတ်များကိုလည်း လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ကြသည်။
SRA အနေဖြင့် တပ်ပေါင်းစုအတွင်းသို့ မပါဝင်နိုင်သေးသည့် အခြားသော နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း မူဝါဒသတ်မှတ်ချက်များနှင့်အညီ ထပ်မံဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းနှင့် တပ်ပေါင်းစု၏ ရှေ့ဆက်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” NUG မလုပ်နိုင်တဲ့ အညာဒေသတပ်ပေါင်းစုမျိုးကို အခုလိုလုပ်လာတာမြင်ရတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒေသအလိုက်မှာ အားကောင်းတဲ့ တပ်ဖွဲ့တစ်ချို့ပါဝင်တာမျိုးတွေရှိတဲ့အတွက် အထူးသဖြင့် စစ်ကိုင်းမကွေးတစ်ကျောမှာရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေအားကောင်းလာမယ်ထင်ပါတယ်။ နိုင်ငံရေးမှာလဲ အခုလိုတပ်ပေါင်းစုတွေစုဖွဲ့ဖို့လိုလာပြီထင်ပါတယ်။ ” အညာဒေသစစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးကဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် ကလေး၊ အမျိုးသမီး၊ လူမျိုးဘာသာမရွေး လေကြောင်းတိုက်ခိုက်မှုများအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်လျက်ရှိရာ ယင်းလုပ်ရပ်များကို ဖျက်ဆီးနိုင်ရန်နှင့် ပြည်သူလူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးတို့ကို ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း SRA က ကတိပြုထားသည်။
SRA တွင် BPLA , 96 Soldiers , ဗမာ့တပ်တော် ,ချင်းညီနောင်(CB) , ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF) , ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ,Force for Federal Democracy ( FFD ), GZA , ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) , ကလေးဒေသတော်လှန်ရေးတပ် ( KRF) ,မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF), မွန်ပြည်တော်လှန်ရေးတပ် (MSRF) , အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA), ပြည့်သူ့လွတ်လပ်ရေးတပ်တော် (PIA), ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူြကာကွယ်ရေးတပ်(ခမ်းေဒါမ်) PNDF-KK/PPDFlKD , စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်( Sagaing PDF ),ကျောင်းသားလက်ရုံးတပ်တော် (SAF) , ယောတပ်တော် (YA) ,ယောကာကွယ်ရေးတပ် ( YDF) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
စာတည်း-ကိုဆန်း
