ဧရာဝတီတိုင်း ၊ မြောင်းမြထောင် ဝန်ထမ်းအချို့က နိုင်ငံရေးအကျဉ်းသားမိသားစုတို့ထံ ငွေ လိမ်တောင်းနေကြောင်း သိရသည်။
မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများမိသားစုထံသို့ တရားဝင်ပေးပို့သည့် စာများ၌ ပါရှိသည့် ဖုန်းနံပါတ်များကို အသုံးပြု၍ အကျဉ်းထောင် ဝန်ထမ်းများဖြစ်ကြသည့် တပ်ကြပ်ကြီး မြင့်ချို ၊ တပ်သား ရဲဝေထွန်း ၊ တပ်သား မြတ်မင်းအောင်တို့အပြင် အိပ်ဆောင်များမှ အိပ်ဆောင်မှူး တို့ ပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံသို့ ငွေလိမ်တောင်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က သတင်းထုတ်ပြန်သည်။
“ဒီဝန်ထမ်းတွေကနေမှ ဖုန်းနံပါတ်တွေပေါ့နော်။ သူတို့က ဒီနိုင်ငံရေးအကျဉ်းသားဆီက တောင်းလို့ ရတယ်လို့ ထင်တဲ့ လူဆီကနေမှ တရားမဝင်ပေါ့နော်၊ ဖုန်းနံပါတ်တွေ ယူတယ်။ ယူပြီးတော့မှ ဝန် ထမ်းတွေက ဆက်သွယ်တယ်။ ဝန်ထမ်းတွေက တိုက်ရိုက်မဟုတ်ဘူးဆိုရင်တောင်မှ ဝန်ထမ်းတွေရဲ့ လက်ပါးစေတွေပေါ့နော်။ တစ်ထောင်တည်းမှာပဲ တစ်ဆောင်တည်းမှာပဲ အတူတူနေနေရတဲ့ အကျဉ်းသားတွေပေါ့။ အဲ့ဒီအကျဉ်းသားတွေကနေမှ ငွေရှာပေးနေတာ ဖြစ်တဲ့အတွက် ဒီလူတွေကနေမှ တစ်ဆင့် ဖုန်းနံပါတ်သိတာလည်း ရှိပါတယ်ရှင်။ အဲ့ကနေမှ ဆက်သွယ်ပြီးတော့ မိသားစုဝင်တွေဆီကို ငွေလိမ်တောင်းတယ်။ အဆောင်ပြောင်းရမှာတွေ၊ အခန်းပြောင်းရမှာတွေ စားဝတ်နေရေးအဆင်မပြေတာတွေပေါ့နော်။ အဲ့လိုမျိုးတွေ လိမ်လည်ပြီးတော့ ငွေကြေးတောင်းခံ တယ်။ ပြီးတော့ အထဲထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားက မသိဘူးပေါ့နော်။ အိမ်တွေကိုတော့ ငွေတွေတောင်းထားတာ ရှိနေတယ်”ဟု PPNMတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
ယင်းငွေလိမ်လည်မှုများတွင် အိပ်ဆောင် ၂ ၊ ၃ ၊ ၄ ၊ ၅ နှင့် ၆ တို့က အိပ်ဆောင်မှူးများဖြစ်ကြသည့် မျိုးသက်အောင် ၊ ရဲဟိန်း ၊ အောင်ထက် ၊ စိုးရန်နိုင် ၊ ပြောင်ကြီးနှင့် ထက်ဝေကို တို့လည်း ပါဝင်ကြပြီး ငွေကြေးမပေးနိုင်သည့် နိုင်ငံရေးအကျဉ်းသားများ အခန်းပြောင်းခံရခြင်းနှင့် အဆောင်ပြောင်းခံရခြင်း တို့ ကြုံရကြောင်းလည်း ထုတ်ပြန်ထားသည်။
” လူ့အခွင့်အရေးတွေ ၊ အကျဉ်းသားအခွင့်အရေးတွေကို လွတ်လပ်စွာ ချိုးဖောက်နေကြတာတွေပဲ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဒု ထောင်ပိုင် တင့်ဆွေဝင်းသည်လည်း ညအချိန် သောက်စားမူးယစ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား များကို စိန်ခေါ်၍ အိပ်ဆောင်တွင်းဝင်ကာ လေးခွဖြင့် ပစ်ခတ်သောင်းကျန်းကြောင်း ၊ ကျန်တပ်သားများကိုလည်း ၎င်းကဲ့သို့ပင် ပြုလုပ်စေကြောင်းနှင့် ထောင်ဗူးဝပေါ်တွင် တာဝန်ကျသည့် တပ်သား မြတ်မင်းအောင်သည်လည်း အရက်မူးလာပါက တောင်ယာလုပ်ကိုင်နေသည့် နိုင်ငံရေးအ ကျဉ်းသားများကို နှိပ်စက်ကြောင်း သိရသည်။
အာဏာသိမ်းပြီး ၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့သောကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၃၉ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း Myanmar Prison Witness အဖွဲ့က ဒီဇင်ဘာ ၁၄ ရက်၌ သတင်းထုတ်ပြန်ထားသေးသည်။
