စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်တွင် စစ်တပ်၏ ပေါ်တာဆွဲသတ်ဖြတ်နေမှုကြောင့် အသက်စွန့်၍ ဝမ်းစာ ရှာရသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မုံရွာမြို့တွင် အလုပ်သွား၊အလုပ်ပြန်အချိန်များ၌ ပေါ်တာဆွဲခြင်းကို စစ်တပ်က ပုံမှန်ပြုလုပ်နေပြီး ဒီဇင်ဘာ၁၄ရက်၊နံနက်ပိုင်းက မုံရွာမြို့၊ပြည်တော်သာရပ်ကွက်၊သာစည်လမ်းမပေါ်၊ပညာရေးကော လိပ်အနီး၌ စစ်ကားနှင့် မျက်နှာချင်းဆိုင်တွေ့သဖြင့် ပြန်လှည့်ပြေးသည့် လူငယ်တစ်ဦး ပစ်ခတ်ခံခဲ့ ရကြောင်း မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးထံက သိရသည်။
“အဓိကက မနက်နဲ့ညနေစောင်းအချိန်တွေဆို မြို့စွန်တွေပေါ့။ပြီးတော့ စက်မှုဇုန် ။အလုပ်သွား၊ အလုပ်ပြန် စောင့်ဖမ်းနေတယ်။မြို့ပေါ်မှာ အလုပ်လာဆင်းတဲ့ မုံရွာနားရွာတွေကလူတွေကို အဲဒီအ ချိန်မှာ ပစ်မှတ်ထား ဖမ်းတယ်။မနေ့က သာစည်လမ်းပေါ် အပစ်ခံရတဲ့ လူငယ်က ဆေးရုံပေါ် အရေး ပေါ်အနေနဲ့ ရောက်သွား တယ်။နောက်ဆုံးအခြေအနေကို မသိရသေးဘူး။သူက လှည့်မပြေးရင် ပေါ်တာဆွဲခံရမှာပါ”ဟု ၎င်း က MPAသို့ပြောသည်။
ညနေပိုင်းအချိန်များတွင် မုံရွာမြို့စွန်ရပ်ကွက်များရှိ အရက်ဆိုင်နှင့် ဘီယာဆိုင်များသို့ အလစ်အငိုက် ဝင်ကာ ပေါ်တာဆွဲခြင်းများလည်း ပုံမှန်ရှိကြောင်း သိရသည်။
“အိမ်စီးကားနဲ့ အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီး ဝင်ဖမ်းတာ။အဖမ်းခံရလို့ ပြန်ရွေးရင် သိန်း၁၀၀၊သိန်း ၂၀၀တောင်းတယ်။ငွေပေးပြီး လွတ်မလာတာတွေလည်း ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်က မုံရွာမြို့ပေါ်နေ အခြေခံလူတန်းစားများကို ပစ်မှတ်ထားကာ ပေါ်တာဆွဲခဲ့သော်လည်း ယခု အခါတွင်မူ ယောကျာ်းမှန်လျှင် သက်ကြီးပိုင်းကလွဲ၍ ပေါ်တာဆွဲနေပြီဖြစ်ကြောင်း သိရသည်။
“မကြာသေးဘူး။ဒီရက်ပိုင်းထဲမှာပဲ၊ အလွန်ဆုံးရှိလှ ၂ရက်၊၃ရက်တုန်းကပဲ နန္ဒဝန် (နန္ဒာဝန်ရပ်ကွက်) ထဲမှာ ဘီယာဆိုင်ထဲ ဝင်ဆွဲသွားသေးတယ်။မိုးမချုပ်သေးဘူး။၄-၅ယောက် ပါသွားတယ်။ဦးလေးတို့ နဲ့ ရင်းနှီးတဲ့တစ်ယောက် ပါသွားတယ်”ဟု မုံရွာမြို့၊ထန်းတောရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးက ဆို သည်။
မုံရွာမြို့ပတ်လည် မုံရွာမြို့အနီးရှိ ကျေးရွာများမှ ပြည်သူများမှာ မုံရွာမြို့ပေါ်၌ အလုပ်လာလုပ်လေ့ရှိ ပြီး ယခုနှစ်လယ်ပိုင်းမှ စတင်ကာ အလုပ်မရှိ၍ မဖြစ်သော လူများသာ စစ်တပ်ဂိတ်များကို ရှောင်ကာ စွန့်စွန့်စားစားအလုပ်လုပ်နေရကြောင်း သိရသည်။
