ကမ္ဘောဒီးယား၏ စစ်ရေးပစ်မှတ်များကိုသာ ပြန်လည်တိုက်ခိုက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ဓာတ်ပုံ - Agence Kampuchea Presse
ပုံစာ - နယ်စပ်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူ ကမ္ဘောဒီးယားနိုင်ငံသားများ

ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ အရပ်သားပစ်မှတ်များကို ဆက်လက်ရှောင်ရှားနေပြီး စစ်ရေးခြိမ်းခြောက်မှုများကိုသာ ပြန်လည်တိုက်ခိုက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး စူရာစန့် ခွန်စရီက ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခန့်က စစ်တပ်ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနရှိ ပူးတွဲစာနယ်ဇင်းဗဟိုဌာနတွင် ပြောကြားသည်။

ထိုင်းနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများအောက်တွင် ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပဋိပက္ခကို စတင်ခဲ့သူမဟုတ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

သာမန်ပြည်သူများအကြား ပဋိပက္ခမဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်မှုကို စတင်ခဲ့ခြင်းအတွက် အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ကမ္ဘောဒီးယားအစိုးရအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်ပိုင်းကိုလည်း စူရာစန့်က အပြစ်တင်ခဲ့သည်။

ကမ္ဘောဒီးယားအာဏာပိုင်များသည် ပြည်သူများကို အန္တရာယ်အတွင်း ထားခဲ့ပြီး ရွှေ့ပြောင်းပေးရန် နှေးကွေးလွန်းသည်ဟု စွပ်စွဲကာ အန္တရာယ်များသော နေရာများမှ အရပ်သားများကို ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းသည် ကမ္ဘောဒီးယားကိုယ်တိုင်က ဆုံးဖြတ်ချက်ချ နောက်ကျခဲ့ခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း ကမ္ဘောဒီးယား၏ အချုပ်အခြာအာဏာကို ထိုင်းနိုင်ငံက ဆက်လက်တိုက်ခိုက်နေမှုများကြောင့် ယနေ့နံနက်တွင် ကမ္ဘောဒီးယား အရပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

ကမ္ဘောဒီးယား ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနကလည်း ပြည်နယ် ၆ ခုရှိ ကျောင်းပေါင်း ၁,၀၀၀ ကျော် ပိတ်ထားရကြောင်း ကြေညာခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ နောက်ဆုံးသေဆုံးသူမှာ အော်ဒါမီရန်ချေ ပြည်နယ်မှ အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုအချိန်အထိ သေဆုံးခဲ့သည့် အရပ်သားအရေအတွက် စုစုပေါင်း ၁၃ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၇၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေရပ်စွန့်ခွာရသည့် အရပ်သားအရေအတွက်မှာ ၄၀၀,၀၀၀ ကျော်အထိ တိုးလာခဲ့ကြောင်းနှင့် လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်းနိုင်ငံ၏ ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများကြောင့် အထိခိုက်ဆုံး ပြည်နယ်များမှာ ပရဝိဟာရ၊ အော်ဒါမီရန်ချေ ၊ ဘန်တေးမီရန်ချေ ၊ ပူဆက်၊ ဘတ်တမ်ဘန် နှင့် ခေါ့ခုန်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာလအစောပိုင်းတွင် ပြန်လည်စတင်ခဲ့သော တိုက်ပွဲများကြောင့် နယ်စပ်နှစ်ဖက်စလုံးရှိ အရပ်သား သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရပြီး စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် သန့်ရှင်းရေးအတွက် အကန့်အသတ်ဖြင့်သာ ရရှိသော ယာယီစခန်းများတွင် ခိုလှုံနေကြရသည်။

ဒီဇင်ဘာ ၁၄ ရက်က ပဋိပက္ခများ ကမ်းရိုးတန်းဒေသများအပါအဝင် နေရာသစ်များသို့ ပျံ့နှံ့လာပြီး ထိုင်းနိုင်ငံက ၎င်း၏ အရှေ့တောင်ဘက် နယ်စပ်ပြည်နယ်များ၏ အချို့နေရာများတွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံနှစ်ခုစလုံးသည် အရပ်သားအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။