ရုရှားနိုင်ငံသား သုံးဦး မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်းတို့ကို ဖမ်းဆီးထားသူများက ပြန်ပေးငွေတောင်းခံနေကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံရုံး၏ ကောင်စစ်ရေးရာဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရုရှားမီဒီယာများက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ထားသည်။
သံရုံးက ပြန်ပေးဆွဲခံရသူ သုံးဦးအတွက် ကိုင်တွယ်ဖြေရှင်းနေကြောင်း အတည်ပြုခဲ့သော်လည်း ပြန်ပေးဆွဲမှုများ မည်သည့်နေရာတွင် မည်သည့်အချိန်၌ ဖြစ်ပွားခဲ့သည်ကိုမူ အတိအကျ ဖော်ပြခြင်းမရှိပေ။
သံရုံး၏ ထုတ်ပြန်ချက်တွင် “လက်ရှိတွင် ရုရှားနိုင်ငံသားများနှင့် ပတ်သက်၍ ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများထံမှ တိုင်ကြားစာ သုံးခုကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ အကြောင်းကြားစာ ပေးပို့ထားပြီးလည်း ဖြစ် သည်။ ရုရှားနိုင်ငံသားများကို အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ပြီး အကူအညီပေးနိုင်ရန် သံရုံးသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိ သည်” ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ပြည်ပရောက် နိုင်ငံသားများအား အကူအညီပေးရေး ဗဟိုပူးပေါင်းဆောင်ရွက်မှုဌာန၏ ဒုတိယဥက္ကဋ္ဌ အီဗန် မယ်လ်နီကော့ဗ်က အမည်မသိ အဖွဲ့တစ်ဖွဲ့က ရုရှားဓာတ်ပုံမော်ဒယ်တစ်ဦးကို မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြန်ပေးသမားများက သူမကို ပြန်လွှတ်ပေးရန် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့် တောင်းခံခဲ့ကြောင်း မယ်လ်နီကော့ဗ်က ပြောကြားခဲ့ပြီး၊ ပြန်ပေးဆွဲခံရသူများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန်အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တတိယအာရှရေးရာဌာနထံ အကူအညီ တောင်းခံခဲ့သည်။
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်းတွင် ရုရှားမီဒီယာများက မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများမှ ရုရှားနိုင်ငံသား အနည်းဆုံး ခြောက်ဦး လွတ်မြောက်ခဲ့သည့် ကိစ္စရပ်များကို ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသား သုံးဦးကို ထိုင်းအာဏာပိုင်များနှင့် ဘန်ကောက်ရှိ ရုရှားသံရုံးတို့၏ အကူအညီဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။ နောက်ထပ် နှစ်ဦးမှာ ကိုယ်တိုင် ထွက်ပြေးခဲ့သော်လည်း နယ်စပ်ကို တရားမဝင် ဖြတ်ကျော်မှုဖြင့် ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် နှင်ထုတ်ခံခဲ့ရသည်။ ခြောက်ဦးမြောက် ရုရှားအမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံမှတစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အစ္စကန်ဒါ အာဇီဇော့ဗ်က ရုရှားနိုင်ငံသား ဒါဇင်နှင့်ချီ၍ ယင်းကဲ့သို့သော ဖုန်းခေါ်ဆိုမှု စင်တာများတွင် ၎င်းတို့၏ ဆန္ဒမပါဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ၎င်းတို့ကို အိမ်နီးချင်း ထိုင်းနိုင်ငံမှ မကြာခဏ လူကုန်ကူးခံရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသား အများအပြားသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခြင်းကြောင့် အဆိုပါ စင်တာများများရောက်ရှိသွားသည့် အရေအတွက် အတိအကျကို ဆုံးဖြတ်ရန် ခက်ခဲကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
