စစ်သားအင်အား လိုအပ်ချက် လျော့ကျလာသည်နှင့်အမျှ စစ်မှုထမ်းသင်တန်းကာလကို တိုးမြှင့် လေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်သည်။
စစ်တပ်သည် ခြေလျင်တိုက်ခိုက်ရေးအင်အားများ ဖြည့်တင်းလာနိုင်ပြီးနောက် တပ်သားအင်အား အပူတပြင်းလိုအပ်ချက် လျော့ကျလာသည်နှင့်အမျှ စစ်မှုထမ်း သင်တန်းကာလများကို အပတ်စဉ် ၁၄မှ စတင်ကာ တစ်ပတ်တိုးကာ ၁၃ပတ် အထိ တိုးမြှင့်ခဲ့ကာ ယခု အပတ်စဉ်၁၇ကိုလည်း သင်တန်းကာလ ထပ်မံတိုးမြှင့် လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
“စစ်သင်တန်း၁၂ပတ်ဆိုတာကတော့ အခြေခံအဆင့် ပစ်တတ်ခတ်တတ်ရုံ အရေးပေါ်သင်တန်း ကာလပါ။၁၃ပတ်ဆိုတာလည်း သိပ်တော့ မထူးပါဘူး။တကယ့်တကယ် စစ်သားတစ်ယောက်အ တွက် လိုအပ်တဲ့သင်တန်းကာလက ၆လပါ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPA သို့ပြောသည်။
၂၀၂၅ခုနှစ်၊စက်တင်ဘာမှ စ၍ စစ်မှုထမ်းသင်တန်းကာလများကို တဖြည်းဖြည်းချင်း တိုးမြှင့်လေ့ ကျင့်ပေးခြင်းဖြစ်ကြောင်း MDSI က ဆိုသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်များ တပြိုင်နက်တည်း လက်ခံလေ့ကျင့်ပေးနိုင်ရန်အတွက် စစ်သင်တန်းကျောင်းနေရာများကိုလည်း တိုးမြှင့်ပြင်ဆင်လုပ်ဆောင်နေသည်ဟုလည်း MDSI က သုံးသပ်သည်။
“အခုဆိုရင် စစ်မှုထမ်းတပ်သားသစ်အင်အားနဲ့ ရှေ့ကနေ အသေခံခိုင်းပြီး ထိုးစစ်တွေ ကောင်း ကောင်းလုပ်နိုင်လာတယ်။စစ်သားလိုအပ်ချက်လည်း တော်တော်လျော့သွားမှာ သေချာတယ်။ အခု ဆို စစ်မှုထမ်းသင်တန်းက အပတ်စဉ်၂၀ရှိပြီဆိုတော့ လူငယ်တစ်သိန်း စစ်သင်တန်းထဲရောက်သွား တာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်သည် လစဉ် စစ်မှုထမ်းသင်တန်းသား သတ်မှတ်အရေအတွက်ထက် ပြည့်မီကျော်လွန်ရရှိအောင် နည်းလမ်းပေါင်းစုံသုံးကာ လုပ်ဆောင်နေသဖြင့် နိုင်ငံအနှံ့တွင် အဓမ္မပေါ်တာဆွဲ စုဆောင်းမှုများ နှင့် လူဖမ်းဆီး အရောင်းအဝယ်ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း MDSI ကဆိုသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် စစ်မှုထမ်းအပတ်စဉ်၂၀ကို နိုင်ငံတစ်ဝန်းရှိ စစ်သင်တန်းကျောင်းများ၌ စတင် ဖွင့်လှစ်ခဲ့သည်။
