လူများကို ထိခိုက်နိုင်သည့်အတွက် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကို မွေးမြူခြင်းများ မပြုလုပ်သင့်ဟုဆို

ဓာတ်ပုံ - MPA
ပုံစာ - ကရင်ပြည်နယ်အတွင်း မွေးမြူထားသည့် ဟိမဝန္တာဝက်ဝံမျိုးစိတ်များအား တွေ့ရစဉ်

တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကို သဘာဝထဲ၌မဟုတ်ဘဲ နေအိမ်များ၌ မွေးမြူနေခြင်းများသည် လူများကို ထိခိုက်နိုင်သည့်အတွက် မပြုလုပ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ပြောသည်။

တောရိုင်းတိရစ္ဆာန်များကို မွေးမြူရာ၌ ၎င်းတို့၏အရိုင်းစိတ်များသည် မသိနိုင်သည့်အတွက် လူနှင့်တိရစ္ဆာန်ပါ ထိခိုက်နစ်နာမှုများ ဖြစ်ပွားနိုင်ကြောင်း Native Species Conversation & Identification (NSCI)အဖွဲ့မှ ကိုဝင်းပိုင်ဦးက ပြောသည်။

” တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူတာက ကောင်းကျိုးမရှိဘူးလို့ပြောလို့ရတယ်၊ ဝက်ဝံတို့ ၊ ကျားတွေ ၊ ကျားသစ် တွေလိုမျိုးတိရစ္ဆာန်တွေကိုမွေးမယ်ဆိုရင်တော့ တကယ်ကို သေချာလေ့ကျင့်ထားတဲ့သူ မဟုတ်ဘူးဆိုရင်တော့ အဆင်မပြေဘူး၊ တိရစ္ဆာန်တွေက သူတို့ရဲ့စိတ်တွေကအစိုးမရဘူးဆိုတော့ မွေးဖို့ကိုတော့ အားမပေးဘူး၊ မွေးမြူထားပြီး တိရစ္ဆာန်တွေကစိတ်ရိုင်းဝင်လာပြီဆိုမှ သတ်ပစ်ရင်လည်း မကောင်းဘူး။ လူလည်းထိခိုက်နိုင်တယ်၊ နှစ်ဖက်စလုံးနစ်နာတယ် ” ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိ ရှားပါးနေသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကို ထိန်းသိမ်းရေးအတွက် စနစ်တကျမွေးမြူခြင်း၊ သားဖောက်ခြင်းများပြုလုပ်ကာ ၎င်းတို့ရှင်သန်ကျက်စားရာ သဘာဝများထဲသို့ ပြန်လွှတ်ပေးခြင်းနည်းလမ်းများကသာ ကောင်းကျိုးဖြစ်စေကြောင်း ကိုဝင်းပိုင်ဦးက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ၌ ရင်ဘတ်တွင် ဗွီ(V)ပုံသဏ္ဍာန်အဖြူရောင်အမွေးရှိသည့် ဟိမဝန္တာဝက်ဝံမျိုးစိတ်နှင့် ရင်ဘတ်တွင် ယူ(U)ပုံသဏ္ဍာန်အဖြူရောင်အမွေးရှိသည့် မလေးဝက်ဝံမျိုးစိတ်ဟူ၍ မျိုးစိတ်နှစ်ခုရှိသည့်အနက် ဟိမဝန္တာဝက်ဝံမျိုးစိတ်များကို အိမ်မွေးအဖြစ် မွေးမြူလျက်ရှိကြောင်း သိရသည်။

” ဒီအကောင်တွေ တကယ်ရှိနေရမှာက တောထဲမှာ အစာကွင်းဆက်ထဲမှာရှိနေရမှာ။ အဲဒီလိုမဟုတ်ဘဲနဲ့ သူတို့ကိုမွေးလိုက်ပြီဆိုရင် အစာကွင်းဆက်ထဲမှာမပါတော့ဘူး။ မပါတော့ဘူးဆိုရင် အစာကွင်းဆက်အတွက် ထိခိုက်နစ်နာမှုတွေဖြစ်စေတယ်။ သူတို့ကိုသတ်လိုက်တာနဲ့ဘာမှမထူးဘူး။။ ကိုယ်က တကယ်ဝါသနာပါတယ်၊ စိတ်ဝင်စားတယ်ဆိုရင်လည်း မွေးမြူပြီးရင်လည်းသားဖောက်ဖို့၊ ဘေးကင်းလုံခြုံတဲ့နေရာမှာပြန်လွတ်ဖို့ လုပ်တယ်ဆိုရင်တော့ အဆင်ပြေတယ် ” ဟု တောရိုင်းတိရစ္ဆာန်များ အကြောင်းစာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။

” မွေးတာတွေက‌တော့ ရှိနေတယ်၊ ဥပဒေအရ အားနည်း‌‌တာတွေလည်း ပါမယ်၊ ဒီနောက်ပိုင်းမှာဆို လူမှုကွန်ရက်တွေမှာ တွေ့ရတာကတော့ ဝက်ဝံတွေပေါ့၊ ဘုန်းကြီးကျောင်းတွေမှာ မွေးနေတာလည်း ရှိတယ်၊ အကောင်ပေါက်လေးကပဲ စမွေးတယ်ပဲ ပြောပြော၊ လူယဉ်တယ်ပဲ ပြောပြော၊ အရိုင်းစိတ်ဝင်ရင်တော့ အသတ်ခံရရင်တော့ မလွယ်ဘူး၊ မြန်မာနိုင်ငံမှာ ဝက်ဝံမွေးရင် လူပါ သေတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ် ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဧပြီလအတွင်းက ပဲခူးတိုင်း၊ တောင်ငူမြို့တွင် တိရိစ္ဆာန်ချစ်သူတစ်ဦး မွေးထားသည့် ဟိမဝန္တာဝက်ဝံနှစ်ကောင်မှ စိတ်ရိုင်းဝင်ပြီး သခင်ဖြစ်သူကို ကိုက်သတ်ခဲ့သည့်အတွက် တစ်ဦးသေဆုံးခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှာ အများဆုံး ဆယ်နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ထို့ပြင် သာမန်ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ကို ဖမ်းဆီးသတ်ဖြတ်ပါက အများဆုံး ထောင်ဒဏ် ငါးနှစ်ကိုဖြစ်စေ၊ ငွေကျပ် သုံးသိန်းမှ တစ်ဆယ်သိန်းအထိ ငွေဒဏ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရနိုင်ပြီး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက ကျပ် ခုနှစ်သောင်းမှ အများဆုံး ကျပ် နှစ်သိန်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သစ်တောဦးစီးဌာနမှ ၂၀၂၀ခုနှစ်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇) မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၃၁၈) မျိုး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ( ၉၁၄) မျိုး ပါဝင် ကြောင်း သိရသည်။